သတင်း

‘ကျောက်စိမ်းမြေသည် လိုင်စင်ရ လူသေကွင်း’ ဆိုသည့် လှုပ်ရှားမှုပြုလုပ်နေ

ဖားကန့်မြို့ ဂွေခါကျေးရွာ ကျောက်စိမ်းမှော်မြေပြိုမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွင်လှုပ်ရှားမှုတစ်ခုကို အရပ်ဘက်အဖွဲ့အစည်းများ ဦးဆောင်ပြီး ပြုလုပ်နေသည်ဟု သိရသည်။

‘ကျောက်စိမ်းမြေသည် လိုင်စင်ရ လူသေကွင်း၊ သဘာဝသယံဇာတအကြမ်းဖက်မှုချက်ချင်းရပ်’ ဆိုသည့်ဆောင်ပုဒ်ဖြင့် ဇူလိုင် ၇ ရက်နေ့မှ စတင်ကာ မိမိတို့၏ လူမှုစာမျက်နှာ ပရိုဖိုင်းများ ဖော်ပြထားသည်ကို တွေ့နေရသည်။

“ပြည်သူတွေသိဖို့ လိုတယ်။ သဘာဝပတ်ဝန်းကျင်က ပျက်စီးနေပြီ။ ဒီလို အကျိုးအမြတ်တွေထက်ဆိုးကျိုးတွေ ပိုပြီးတော့များနေတယ် ဆိုတဲ့အရာ ပြီးတော့ ဒီဗဟိုအစိုးရကနေ စီမံလိုက်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေက ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်တွေကို အကြမ်းဖက်တဲ့လုပ်ငန်းတွေ ဖြစ်နြေပ်ီဆိုတာ ပြည်သူတွေသိဖို့လိုတယ်။” ဟု ကချင်လူငယ်အဖွဲ့မှ မဆွတ်ဆိုင်းထွယ်က ပြောသည်။

အဆိုပါလှုပ်ရှားမှုတွင် ‘လိုင်စင်ရလူသေကွင်းရပ်တန့်ပါ၊ လူလုပ်ဘေးအန္တရယ်ရပ်တန့်ပါ၊ သယံဇာတအကြမ်းဖက်မှုများရပ်တန့်ပါ’ စသည့်အကြောင်းအရာများ ပါရှိသည်။

ဇူလိုင်၂ ရက်နေ့ မနက်ဖြစ်ပွားခဲ့သော ဖားကန့် ဂွေခါမှော် မြေပြိုကျမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စုသယံဇာတဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီးနောက် သေဆုံးသူများ၏လောဘကြောင့်သာဖြစ်သည်ဟု စုံစမ်းရေးအဖွဲ့ ဥက္ကဌ က ပြောဆိုခဲ့သည်။

ယခုကဲ့သို့ တစ်ရက်တည်း လူပေါင်း ၁၇၂ ဦးသေဆုံးခဲ့သည့်အဖြစ်မျိုး နောက်ထပ်မတွေ့လိုတော့သည့်အပြင် စီးပွားရေးလုပ်ငန်းများ နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း တာဝန်ယူမှု တာဝန်ခံမှုရှိစေချင်သောကြောင့် ယခုလှုပ်ရှားမှုတွင် ပါဝင်ရခြင်ဖြစ်သည်ဟု ဆိုကြသည်။

“ပိုပြီး စည်းစနစ်ကျပြီး လူထုကို အကျိုးပြုတဲ့ ဥပဒေတွေ ဖြစ်လာဖို့ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးနေမှုကို သတိပြုလာဖို့အတွက် ဖြစ်တယ်။ အစိုးရဘက်ကလည်း လူထုရဲ့အသံကို နားထောင်ခြင်းအားဖြင့် သဘာ၀ သယံဇာတ အရေးကို ပေါ့ပေါ့ မတွေးဘဲနဲ့ ပိုပြီးတော့မှ လူတွေ မထိခိုက်လာဖို့အတွက် လုပ်ဆောင်လာမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။” ဟု အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ ဆရာမျိုးအောင် က ဆိုသည်။

ဖားကန့်မြေပြိုကျမှုနှင့်ပတ်သက်ပြီး အစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးပြီးနောက် တပ်မ​ေတာ်ကလည်း ထပ်မံပြုလုပ်ခဲ့သည်။

ထို့နောက် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ အဓိက တာဝန်ရှိသည့် တပ်မှုးတစ်ဦးနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးကို အရေးယူထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဇူလိုင် ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီကြီးများ မရပ်သေးသရွေ့ အဆိုပါအွန်လိုင်းလှုပ်ရှားမှုကို ပြုလုပ်သွားမည်ဟု လူငယ်အဖွဲ့များက ပြောဆိုနေကြသည်။

Show More

Related Articles

Back to top button