သတင်း

ဖားကန့်မြေပြိုမှုကိစ္စ ကုမ္ပဏီနှင့် ကုမ္ပဏီကို ကြီးကြပ်သူများကိုသာ အရေးယူသင့်ကြောင်း ပြောဆို

ဖားကန့် ဂွေခါ ကျောက်စိမ်းမှော် မြေပြိုကျမှုကြောင့် ရေးမဆေးသမားရာချီ သေဆုံးခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ရေမဆေးခေါင်းဆောင်များကို ဖမ်းဆီးခဲ့ခြင်းထက် စက်ယန္တရားကြီးများဖြင့် တူးဖော်သည့်ကုမ္ပဏီပိုင်ရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကိုသာ ထိထိရောက်ရောက်အရေးယူပေးစေလိုကြောင်း ကချင်အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုနေကြသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့က မြေစာပုံပြိုကျခဲ့သည့်ဖြစ်စဉ်ကို လာရောက်စစ်ဆေးခဲ့ပြုလုပ်ခဲ့ပြီးနောက် ရေမဆေးလောပန်း ၃ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

အစိုးရအနေဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို အရေးယူဆောင်ရွက်မှုမပြုလုပ်သေးပဲ ရေမဆေးလောပန်းများကို အရေးယူမှုများ ပြုလုပ်နေသည်မှာကြီးနိုင်ငယ်ညှဉ်း လုပ်ရပ်မျိုးဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ Coordinator ဒေါ်ခေါန်ဂျာက ယခုလို ပြောဆိုသည်။

“ရေးမဆေးသမားတွေရဲ့လောပန်တွေကို ဖမ်းဆီးတယ်။ အရေးယူနေတယ်ဆိုတာက အမှန်တိုင်းပြောရရင် ကြီးနိုင်ငယ်ညှဉ်းလို့ပဲ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဖားကန့်မှာ မြေပြိုနေတာက ရေမဆေးတွေတူးဆွလို့ ပြိုတာ မဟုတ်ဘူး။ အရင်စက်ယန္တရားကြီးတွေနဲ့တူးခဲ့တဲ့ ကုမ္ပဏီပိုင်ရှင်တွေက စနစ်တကျမလုပ်ထားဘူး။ သူတို့က မြေသားတွေ ကွဲအက်အောင် လုပ်ဆောင်ထားတယ်။ ဒါကြောင့် အဓိကမြေပြိုအောင် လုပ်ဆောင်ခဲ့တဲ့ကုမ္ပဏီကြီးတွေနဲ့ ကုမ္ပဏီကြီးတွေကို ကြီးကြပ်တဲ့ ဝန်ကြီးဌာနတွေကို အရေးယူရမှာဖြစ်တယ်” ဟု ပြောဆိုသည်။

မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမားများ သေဆုံးသည့်ရုပ်အလောင်း ၁၈၀ကျော်တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေဆဲရေမဆေးများနှင့် သေဆုံးခဲ့သူများအပါအဝင် စုစုပေါင်း ရေမဆေး ၅၀၀ ကျော်ခန့် ရှိနိုင်ကြောင်း ဂွေခါဒေသခံများက ပြောဆိုနေကြသည်။

ထိုနေရာတွင်တူးဖော်နေသည့် ကျောက်ကုမ္ပဏီများမှာ ဧရာရတနာ (မြန်မာသူရ၏လက်ခွဲ)၊ တစ်သုံးလုံး၊ ရတနာကြယ် (ဝကုမ္ပဏီ)၊ အေးရတနာဆိုက်စသည့် ကုမ္ပဏီ ၄ ခု ဖြစ်သည်ဟု ဖားကန့်ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဆရာမ ကိုင်ရိန်ထံမှ သိရသည်။

အစိုးရအနေဖြင့် အောက်ခြေလူတန်းစားများကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ခြင်းမရှိဘဲ ယခုလိ ရေမဆေးသမားလောပန်းများကို ဖမ်းဆီးအရေးယူမှုများမပြုလုပ်သင့်ကြောင်း ဖားကန့်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းမှ ဦးနောင်လတ်က ကချင်သတင်းဌာန KNG ကို သုံးသပ်ပြောဆိုသည်။

“တကယ်တမ်းပြောရမယ်ဆိုရင် ရေမဆေးလောပန်းတွေကို အရေးယူတယ်ဆိုတာက မဖြစ်သင့်ဘူး။ လောပန်းတွေက ရေမဆေးသမားမွေးတာက အခုမှလုပ်တာမဟုတ်ဘူး။ အရင်တုန်းကနေရှိနေတာပါ။ အားလုံးက အကျိုးတူဆိုပြီး လုပ်ကိုင်နေ ကြတာဘဲ။ ဖားကန့်မှော်ထဲမှာက အလုပ်ပေးနိုင်တယ်ဆိုလို့ ရေမဆေးတွေကိုထောက်တဲ့ လောပန်းတွေပဲရှိတယ်။ ရှင်းရှင်း ပြောရမယ်ဆိုရင် အစိုးရက အလုပ်ငန်းအခွင့်အလမ်းတွေမဖန်တီးပေးနိုင်ဘူး။ ဒါကို နိုင်ငံတော်အစိုးရက သေချာစီစစ်ပြီး စဉ်းစား သင့်တယ်”ဟု ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့ ဂွေခါမှော် မြေပြိုမှုနှင့်ပတ်သက်ပြီး အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးဆိုင်ရာ အဓိကတာဝန်ရှိသည့် တပ်မှူးတစ်ဦးနှင့် ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနကို အရေးယူထားကြောင်း ဇူလိုင်လ ၆ရက်နေ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖားကန့် ကျောက်စိမ်းမှော်တွင် ရေမဆေးသမားများမကြာခဏသေဆုံးနေရသည်မှာ NLD အစိုးရလက်ထက် ပြဌာန်းထားသည့် ကျောက်မျက်ဥပဒေကို ကျင့်သုံးနိုင်ခြင်းမရှိသေးဘဲ ယခင်အစိုးရလက်ထက်က ပြဌာန်းထားသည့် ဥပဒေကိုသာ ကျင့်သုံးနေသောကြောင့် ဖြစ်သည်ဟု ဖားကန့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောဆိုသည်။

“သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ကျောက်မျက်ဥပဒေမှာ ဧက ၅၀၊ ၁၀၀ ဆိုပြီး နိုင်ငံတော်နဲ့အကျိုးတူ လုပ်ထားခဲ့တာ ဖြစ်တယ်။ အဲ့ဒီဥပဒေလုပ်တုန်းကလည်း နည်းဥပဒေမပါဘဲနဲ့ ပြဌာန်းခဲ့တာလည်းဖြစ်တယ်။ အခုကျနော်တို့ NLD အစိုးရ လက်ထက်မှာ ပြဌာန်းထားပြီးဖြစ်တဲ့ ကျောက်မျက်နည်း ဥပဒေက ယခုထိ အသက်မဝင်သေးဘူး။ အဲ့ဒီ ဥပဒေမှာက အကြီးစား ကပယ်ဖျက်ဖို့နဲ့ အလတ်စားနဲ့ အသေးစား လက်လုပ်လက်စား တနိုင်တပိုင် လုပ်ကိုင်ဖို့ ရေးဆွဲထားတယ်။ ပြောချင်တာက အဲ့ဒီဥပဒေကို အသက်ဝင်အောင်လုပ်လိုက်ရင် မြေပြိုတာတွေ မရှိတော့ဘူး” ဟု ပြောဆိုသည်။

နိုင်ငံတော်သမ္မတ က ဖွဲ့စည်းပေးလိုက်သည့် ပြည်ထောင်စုအဆင့် စုံစမ်းရေးအဖွဲ့က မြေပြိုကျမှုဖြစ်ခဲ့သည့်နေရာတွင် ၃ရက်အကြာစစ်ဆေးခဲ့ပြီးနောက် ‘ရေမဆေးသမားများသည် လောဘကြောင့်သေဆုံးရခြင်းဖြစ်သည်’ ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောဆိုခဲ့သောကြောင့် ဝေဖန်မှုများရှိနေသည်။

ထို့အပြင် အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မြေပြိုမှုဖြစ်စဉ်ကြုံခဲ့ရသူများနှင့် ဒေသခံများကို မေးမြန်းခဲ့ခြင်း မရှိဟု ပြောဆိုနေကြသည်။

Show More

Related Articles

Back to top button