သတင်း

ဘော်ဒါဆောင်ဖွင့်လှစ်ခွင့်မပြုမှုကြောင့် နယ်စပ်ဒေသမှ မြို့သို့ကျောင်းလာတက်မည့်ကျောင်းသားများအခက်တွေ့နေ

ယခုနှစ်အထက်တန်းပညာရေးကျောင်းများပြန်ဖွင့်ရာတွင် ‘ဘော်ဒါဆောင်ထားရှိသည့် ကိုယ်ပိုင်ကျောင်းများနှင့် အဆောင်များ ပြန်လည်ဖွင့်လစ်ရန်ခွင့်မပြုသော’ အစိုးရ၏ ထုတ်ပြန်ချက်ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဝေးလံသောနယ်ရပ်မှ မြစ်ကြီးနားသို့ ဘော်ဒါဆောင်နေကာ ကျောင်းတက်ကြမည့် ကျောင်းသားများအတွက် ပညာရေးအခွင့်အလမ်းဆုံးရှုံးမည့် အခြေအနေ ကြုံနေရသည်ဟု ပြောဆိုနေကြသည်။

ဇူလိုင် ၁၄ ရက်နေ့ ပြည်ထောင်စုအဆင့် Covid-19 ကာကွယ်ထိန်းချူပ်ကုသရေးအမျိုးသားဗဟိုကော်မတီမှ ‘ဘော်ဒါဆောင်ထားရှိ ဖွင့်လှစ်သည့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘော်ဒါဆောင်များနှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများ ပြန်လည်ဖွင့်လစ်ခွင့်မပြုကြောင်း’ ထုတ်ပြန်ထားသည်။

“ကျွန်မတို့အဆောင်မှာဆိုရင်တောင်ပေါ်က၊ IDP ကလေးတွေ ပိုများတယ်။ ဒီလိုချိန်မှာ တစ်ယောက်တစ်လေ ဆွေမျိုးတွေရှိခဲ့ရင်တောင် ဆွေမျိုးတွေအိမ်မှာနေဖို့ အရမ်းကြပ်တည်းတယ်။ ဒီလိုချိန်မှာ အဆောင်တွေဖွင့်ခွင့်မရတော့ဘူးဆိုရင် ကျွန်မတို့ကလေးတွေ နေစရာအိမ်တွေ မရှိတော့ဘူး။ မြို့ပေါ်ကျောင်းတက်ဖို့အခွင့်အရေးမရှိတော့ဘူး။ သူတို့အတွက် မျှော်လင့်ချက်မဲ့သွားသလိုဖြစ်သွားတယ်။ ကျောင်းတက်ခွင့် ဆုံးရှုံးသွားတာ့ပေါ့။” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဆမာဇုံနယ်အသင်းတော်များအောက်ရှိ ဆမားဘော်ဒါဆောင်အုပ် ဒေါ် ရွယ်အောင်က ပြောသည်။

ဆမားဘော်ဒါဆောင်တွင် တက်ရောက်သော ကျောင်းသားများသည် တရုတ်နယ်စပ်ဘက်ရှိ စစ်ပြေးဒုက္ခသည်များအများဆုံးဖြစ်ပြီး အထူးသဖြင့် ဂျေယန် ၊ ဝိုင်ကြိုင်၊ ရှအစ်ယန်၊ မဂါးယန် စသည့်ဒေသများမှ ဖြစ်သည်ဟု သိရသည်။

မကြာခင်ကျောင်းများ စတင်ဖွင့်လှစ်တော့မည့်အချိန် ယခုကဲ့သို့ ဘော်ဒါဆောင်များ ပြန်လည်ဖွင့်လှစ်ရန် ခွင့်မပြုသော ထုတ်ပြန်ချက်ကြောင့် ရပ်ဝေးမှ ရောက်လာမည့် ကျောင်းသားများနှင့်မိဘများအတွက် အခက်အခဲ ဖြစ်နေသည်ဟု ပြောဆိုနေကြသည်။

“ကိုယ်ပိုင်ကျောင်းတွေဆို နယ်ဝေးကနေ လာအပ်တာများပါတယ်။ သူတို့အနေနဲ့ အမျိုးအိမ်မရှိတဲ့ ကလေးတွေကျတော့ အပြင်မှာ အဆောင်တွေငှားနေမယ်ဆိုရင် သူတို့ဟာသူတို့ စုနေမယ်ဆိုရင် ပိုပြီးအခက်အခဲပိုဖြစ်ပါတယ်။ နောက်ပြီးသူတို့အတွက် အုပ်ထိန်းသူမရှိ သွားရလာရဆိုတာနဲ့ ရောဂါကူးစက်နိုင်ချေက ပိုပြီးများနိုင်တာပေါ့။ အကယ်လို့ အဆောင်မှာ Camp သဘောမျိုးထားထားမယ်ဆိုရင်တော့ပိုပြီးမှ အန္တရာယ်ကင်းမယ်လို့တော့ထင်ပါတယ်။” ဟု လင်းလက်ကြယ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ် ဦးအောင်ကျော်ဇင်က ပြောသည်။

ကချင်ပြည်နယ်တွင် ယနေ့အထိ Covid-19 အတည်ပြုလူနာ ၂ ဦးရှိခဲ့သော်လည်း ရောဂါကင်းစင်သွားပြီဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်အတာအရ ဓါတ်ခွဲအတည်ပြုလူနာ ၃၃၇ ဦး၊ ရောဂါပိုးပျောက်ကင်းသူ ၂၆၆ ဦး၊ ဆေးရုံမှဆင်းသူ ၂၅၃ ဦးရှိခဲ့ပြီး သေဆုံးသူ ၆ ဦးရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button