Covid-19 Reportingသတင်း

Covid-19 ပညာပေး ပန်းချီဆရာ ၃ ဦး အပြစ်မရှိဟု တရားရုံက အမိန့်ချ

Covid-19 ပညာပေးပန်းချီရေးဆွဲခဲ့သော လူငယ် ၃ဦးကို တရားစွဲဆိုထားသည့်အမှုတွင် ၎င်းတို့၌အပြစ်မရှိကြောင်း မြစ်ကြီးနား မြို့နယ်တရားရုံးက ဇူလိုင် ၁၇ ရက်နေ့တွင် စီရင်ချက် ချမှတ်လိုက်သည်ဟု သိရသည်။

လူငယ် ၃ ဦးရေးဆွဲခဲ့သည့် ပန်ချီကားနဲ့ပတ်သက်ပြီး တရားလိုက ထင်မြင်ယူဆချက်ဖြင့်သာ တရားစွဲဆိုခဲ့သောကြောင့် တရားသူကြီးက အပြစ်မရှိကြောင်း အပြီးသတ်စီရင်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သော တရားလွှတ်တော်ရှေ့နယ် ဒေါ်ဒွဲဘူက ယခုလို ပြောသည်။

“တရားသူကြီးရဲ့ သုံးသပ်ချက်ပေါ့နော်။ အခုက တရားလိုဘက် ထွက်ဆိုချက်တွေ။ တရားခံတွေရဲ့ထွက်ဆိုချက်တွေ။ နောက်တရားခံဘက်တင်တဲ့ သက်သေအထောက်အထားတွေအကုန် တင်ပြခဲ့တာဖြစ်တယ်။ တရားလိုဘက်ကနေ ပန်းချီကားနဲ့ပတ်သက်ပြီးမှ ဗုဒ္ဓဘာသာ ရဟန်း သံဃာတွေ ဆွမ်းခံကြွလာတဲ့ပုံနဲ့တူတယ်။ နောက်သံဃာတော်တွေက ရောဂါဖြန့်ဖြူးနေတဲ့ ပုံစံဖြစ်နေတယ် ဆိုပြီး သူ့ရဲ့ထင်မြင်ယူဆချက်တွေနဲ့ဘဲ ထွက်ဆိုခဲ့တာပေါ့။ သက်သေတွေနဲ့ အတိအကျဖော်ပြ ထောက်ပြစွဲဆိုခဲ့တာမရှိဘူး။ ပြီးရင် တစ်ချို့ အဲ့ဒီတရားလိုပြသက်သေအဖွဲ့ကဘဲ ပန်းချီကားပုံက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့မတူဘူးလို့ ပြောဆိုတာတွေလည်းရှိတယ်။ တရားသူကြီးက ဒီအချက်တွေအပေါ်မှာ သုံးသပ်ပြီး အပြစ်မရှိကြောင်း စီရင်ချပေး လိုက်တာဖြစ်တယ်”ဟု ပြောဆိုသည်။

ပန်းချီရေးဆွဲခဲ့သော လူငယ် ၃ ဦးသည် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ပြည်သူလူထုကို အသိပညာပေးသဘောဖြင့်သာ ရေးဆွဲခဲ့ခြင်းဖြစ်သောကြောင့် ပြစ်ဒဏ်ချမှတ်၍ မရနိုင်ကြောင်း သူကဆက်လက်ပြောဆိုသည်။

လွန်ခဲ့သည့် ဧပြီလ ၃ရက်နေ့ မြစ်ကြီးနား ဘူတာတိုက်တန်းတွင် ကိုဇေယျာနှောင်၊ နော်ထွန်းအောင်နှင့် မစီစီလျာဂျာဆိုင်းတို့ပါဝင်သော ပညာပေးအဖွဲ့မှ ကိုဇေယျာနှောင်ရေးဆွဲခဲ့သော သေမင်းတမန်ပုံတွင် သေမင်း၏ဝတ်ရုံနှင့် ကိုင်ဆောင်သော အိုးမှာ ဗုဒ္ဓဘာသာအနီရောင်သင်္ကာန်းဝတ်ရုံနှင့် သပိတ် ဖြင့်ဆင်တူနေသည်ဟုဆိုကာ ပြည်နယ်သာသနာရေး ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင် တရားလိုပြုလုပ်ကာ သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် တရားဆွဲဆိုခဲ့သည်။

ထို့နောက် တရားစွဲခံရသူ လူငယ် ၁ ဦးလျှင် သိန်း ၁၀၀ စီဖြင့် အာမခံရရှိကာ တရားစီရင်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“တရားရုံးကနေ အပြစ်မရှိကြောင်း အမိန့်ချမှတ်ပေးလိုက်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျနော်တို့လုပ်လိုက်တဲ့ အပေါ်မှာ အမှန်တိုင်းလုပ်ခဲ့လို့ အမှန်တိုင်းဖြစ်လာတယ်လို့ ပျော်တယ်။ အမှုစစွဲကတည်းကတော့ စိုးရိမ်မှုတွေရှိခဲ့ တယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးလည်းဖြစ်နေတယ်။ အာမခံလည်း မရတဲ့ပုဒ်မ ဖြစ်နေတော့။ နောက်ပြီး ကိုယ်က စီးပွားရေးလုပ်နေတဲ့ ပန်းချီဆရာလည်းမဟုတ်ဘူး။ ဝါသနာအရသာဆွဲတာဖြစ်တယ်” ဟု ပန်းချီရေးဆွဲသူ ကိုဇေယျာနှောင်က ပြောဆိုခဲ့သည်။

အဆိုပါအမှုကို မေလ ၁၁ရက်နေ့မှ စတင်စစ်ဆေးကာ ရုံးချိန်း ၁၃ကြိမ်ချိန်းဆိုခဲ့ပြီးနောက် ၃လအကြာ မြစ်ကြီးနား မြို့နယ်တရားရုံးမှ အပြီးသတ်စီရင်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button