သတင်း

ဖားကန့်ရေကြီးရေလျှံမှုနှင့် ထိရောက်မှုမရှိခဲ့သောဥရုချောင်းရှင်းလင်းရေးလုပ်ငန်း

ဖားကန့် ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းကို အစိုးရက ဒေသခံပြည်သူများနှင့် ပူးပေါင်းခြင်းမရှိဘဲ နီးစပ်ရာလုပ်ငန်းရှင်များနှင့်သာ ပူပေါင်းလုပ်ဆောင်နေသောကြောင့် နှစ်စဉ်ရေဘေးဒဏ်ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ဒေသခံအရပ်ဖက်အဖွဲ့အစည်းများက ဝေဖန် ပြောဆိုနေကြသည်။

ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ရန်ခွင့်ပြုထားသည့် လုပ်ငန်းရှင်များက ဥရုချောင်းရှင်းလင်းရေးကို အဓိက မထားဘဲ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံ Green Land အဖွဲ့ ဥက္ကဌ ဦး Ying Hkaw က ယခုလိုပြောဆိုသည်။

“ဥရုချောင်း ရေမကြီးအောင် ချောင်းရှင်းလင်းရေးကို စနစ်တကျလုပ်သင့်တယ်။ အစိုးရက သူတို့ပိုင်ရာပိုင်ကြောင်း လုပ်ငန်းရှင်တွေနဲ့ပဲ ချောင်းရှင်းလင်းလုပ်ခိုင်းနေတယ်။ နှစ်စဉ်နှစ်တိုင်း ဘယ်လိုကြုံတွေ့နေရတာကိုလည်း အားလုံး သိကြတယ်။ အခုသူတို့ခိုင်းထားတဲ့ လုပ်ငန်းရှင်တွေက ချောင်းရှင်းလင်းရေးကို အဓိကမထားဘူး။ ရွှေတူးမယ်။ ကျောက်တူးမယ်။ အဲ့ဒီလုပ်ပိုင်ခွင့်ရဖို့လောက်ပဲ ချောင်းရှင်းလင်းရေး လုပ်နေကြတယ်။ တကယ်တော့ အစိုးရက ဒေသခံပြည်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းအားလုံးကို တိုင်ပင်ဆွေးနွေးပြီးမှ ဆောင်ရွက်ရမယ်ဖြစ်တယ်” ဟု ပြောဆိုသည်။

ဥရုချောင်းနှစ်စဉ်ရေကြီးရေလျှံမှု လျော့ချရန်အတွက် မြစ်ရိုးတစ်လျှောက် တာမခံခေါင်ပါးနှင့် ဆန်ခါမှော်ဘုံစသည့် ရေကျော်တက်နိုင်သော နေရာများကို စနစ်တကျရှင်လင်းရန်လိုအပ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

ယခုနှစ် ရေကြီးရေလျံမှုတွင် ဖားကန့်မြို့ပေါ်ရပ်ကွက်ဖြစ်သော လုံးခင်း၊ အေးမြသာယာ၊ ငှက်ပျောတောနှင့် မရှီကထောင် စသည့် ရပ်ကွက်ရှိ ပြည်သူများရေဘေးဒဏ်ကို အများဆုံးကြုံတွေ့ခဲ့ရသည်။

ဥရုချောင်းနှစ်စဉ်ရေကြီးလျံမှု မဖြစ်အောင် ကျောက်မျက်ဥပဒေမဟာဗျူဟာကို အစိုးရနှင့် ကျောက်စိမ်းဌာနတို့အမြန်ရေးဆွဲရန် လိုအပ်နေပြီဟု နှစ်စဉ်နှစ်တိုင်း ရေဘေးဒဏ်ကို ကြုံတွေ့နေရသည့် အေးမြသာယာရပ်ကွက် ဦးအင်ဂန့်ယော်ဆန့်က ယခုလို ပြောဆိုသည်။

“မိုးရွာရင် ဥရုချောင်း ရေမကြီးအောင် အစိုးရနှင့် ကျောက်စိမ်းဌာနတို့ကမဟာဗျူဟာရေးဆွဲရတော့မယ်။ ဥရုချောင်း တည့်တည့်ကျောက်စိမ်းတူးဖော်တဲ့သူတွေကို ကျောက်စိမ်းဌာနက ကောင်းကောင်းကြပ်မှတ်ပေးရမယ်။ ကုမ္ပဏီကလည်း မြေစာပုံတွေကို ပရမ်းပတာစွန့်ပစ်တယ်။ အခုကျောက်စိမ်း ဥပဒေမှာ ချောင်းရဲ့ဘေး ပေ ၃၀၀မှာ မြေစာပုံ မပစ်ရဘူး လို့ပြောနေတယ်။ အဲ့ဒါကိုကျောက်စိမ်းဌာနကလည်း ဒီအတိုင်းကြည့်နေတယ်” ဟု ပြောဆိုသည်။

ဥရုချောင်းရှင်းလင်းရေးအတွက် အစိုးရနှင့်အကျိုးတူ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခဲ့သော်လည်း လက်တွေ့ချောင်းရှင်းလင်းရေးလုပ်ဆောင်ရာတွင် ရွှေနှင့်ကျောက်စိမ်းတူးဖော်သည့်အစီစဉ်သာဖြစ်ခဲ့သည်ဟု ဖားကန့်ဥရုချောင်းရှင်းလင်းရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်သည့် ဦးလမောင် လတောင်က ပြောဆိုသည်။

“ချောင်းရှင်းလင်းရေးလုပ်ဖို့က စက်န္တယားတွေအများကြီးလိုအပ်တယ်။ အဲ့ဒါကို ပြည်နယ်အစိုးရနဲ့ ကုမ္ပဏီတွေက အားတက်တရော် လုပ်ဆောင်တာလည်းမရှိဘူးလေ။ သက်ဆိုင်ရာကအစ အထက်ကအမိန့် အတွက်သာပြုလုပ်ရတဲ့ သဘောဖြစ်နေတယ်။ နောက်ပြီး ဥရုချောင်းရှင်းလင်းရေးလို့သာပြောနေတာ တာမခံတို့မှာ ရွှေနဲ့ကျောက်စိမ်းတူးဖော် တာတို့ရှိတယ်။ အဲ့လိုတူးဖော်ပြီး မြေစာပုံတွေကိုလည်း ပေါက်ကရပစ်ထားတယ်။ အဲ့ဒါတွေကို ကောင်းကောင်း ပြန်မရှင်းတော့ ရေကပြန်ပြီး လျှံတက်လာမှာဘဲ။ အဲ့ကြောင့် ဥရုချောင်းရှင်းလင်းရေးသာ လုပ်နေတာ လုံးဝထိရောက် မှုမရှိဘူး” ဟု ပြောဆိုသည်။

အစိုးရက ယခုနှစ် မတ်လကစပြီး လုံးခင်းအုပ်စု မော်ဘုံချောင်းဆုံ၊ မှော်စီဇာ၊ နန့်မဖြစ်၊ မော်ဘုံချောင်းဆုံ၊ အေးမြသာယာ၊ ဆန်းကြွယ်၊ နန့်မှော်ပေါက်ဝနှင့် တာမခံခေါင်ပါး စသောချောင်းရိုးတစ်လျှောက် အထက်ပိုင်းနှင့် အောက်ပိုင်း ၂ပိုင်းခွဲကာ ဥရုချောင်းရှင်းလင်းရေး ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခင်က ဥရုချောင်းရှင်းလင်းရေးကို အများပိုင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်မှစ၍ ပြည်ထောင်စု၏ ညွန်ကြားချက်နှင့်အညီ ပြည်နယ်အစိုးရနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေးအဖွဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျောက်မျက်တူးဖော်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးနှင့် လူမှုအဖွဲ့အစည်း (၂)ဦး အသီးသီးပါဝင်ကာ လုပ်ဆောင်ခဲ့သည်ဟုလည်း သိရသည်။

Show More

Related Articles

Back to top button