Covid-19 Reportingသတင်း

Covid-19 ပိုးတွေ့ရှိဒေသမှ KIO နယ်မြေသို့ဝင်လာသူတိုင်း Quarantine ပြန်ဝင်ရတော့မည်

အစိုးရထိန်းချုပ်နယ်မြေရှိ ပိုးတွေ့လူနာများရှိနေဆဲနေရာမှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေသို့ ဝင်လာသောမည်သူမဆို Quarantine (၇) ရက်ခံယူရမည်ဖြစ်ကြောင်း KIO Covid-19 ကူးစက်ရောဂါကာကွယ်ရေးကော်မတီမှ သိရသည်။

Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကြောင့် လက်ရှိ မြန်မာပြည်အနောက်ဘက် ရခိုင်ပြည်နယ်တွင်ကူးစက်မှုများပြားလာပြီး ရန်ကုန်နှင့် အခြားမြို့များသို့လည်း တဖန်ကူးစက်လာသာကြောင့် ယခုလို ပြန်လည်ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု KIO Covid-19 ရောဂါကာကွယ်နှိမ်နှင်းရေး ကော်မတီအတွင်းရေးမှူး ဦးဟိန်းဝေါမ်က ယခုလိုပြောဆိုသည်။

“အခုတလော ရခိုင်ဘက်မှာ ရောဂါဖြစ်ပွားတဲ့သူတွေ ပိုတိုးလာတဲ့အတွက် Check- Point တွေမှာ စစ်ဆေးမှုကို အရင်ကထက်ပိုပြီး ကြိုတင်ပြင်ဆင်ထားတယ်။ ရောဂါဖြစ်နေတဲ့ ဒေသကလာတဲ့ သူတွေကိုဆို သူတို့ရဲ့ခရီးသွား ရာဇဝင်နဲ့ မှတ်ပုံတင်တွေကအစ သေသေချာချာ စီစစ်တယ်။ နောက်ပြီး သူတို့က Quarantine လည်း ဝင်ရမှာဖြစ် တယ်” ဟု ပြောဆိုသည်။

ပိုးတွေ့ဒေသမှ ရောက်လာသူများကို ပုံမှန်နေရာတွင် Quarantine ထားမှာဖြစ်ပြီး ကိုယ်အပူချိန်တိုင်းမြင့်တက်သူများကိုမူ ဌာနချုပ် လိုင်ဇာမြို့အနီး Mung Lai Hkyet (မုန်လိုင်ခတ်) ဆေးရုံကြီးတွင် ဆေးကုသခံယူစေမည်ဟု သူကဆက်လက်ပြောဆိုသည်။

KIO ထိန်းချုပ်နယ်မြေအတွင်း ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆေးစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် Check- Point ၁၇ ခု ထားရှိထားပြီး ဖြတ်သန်းသွားလာနေသူများ၏ ခရီးသွားမှတ်တမ်းကောက်ယူခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးမှုများကိုလည်း ဆက်လက်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းသိရသည်။

လွန်ခဲ့သော သြဂုတ် ၁၆ ရက်နေ့မှစ၍ KIA နယ်မြေအတွင်း ဝင်လာသူများတွင် ကိုယ်အပူချိန်မြင့်တက်နေသူများမှအပ အခြားသူများမှာ ကွာရန်တင်းဝင်စရာမလိုအောင် KIO က ဖြေလျှော့မှုပြုလုပ်ခဲ့သည်။

သို့သော်လည်း Covid ဒုတိယလှိုင်းကြောင့် ယခုလို သတ်မှတ်ချက်များပြန်လည်တင်းကျပ်လာရခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာပြည်တွင် Covid-19 ကူးစက်ရောဂါစတင်ဖြစ်ပေါ်လာသည့် လွန်ခဲ့သည့် ဧပြီလတွင် KIO နယ်မြေသို့ဝင်လာသူတိုင်း၂၁ ရက်ကွာရန်တင်းဝင်ခဲ့ရကြောင်း သိရသည်။

Show More

Related Articles

Back to top button