Covid-19 Reportingသတင်း

မြစ်ကြီးနားနှင့် ဗန်းမော်တွင် တပ်ဆင်မည့် Covid-19 ရောဂါစစ်ဆေးစက်တွင် တစ်နာရီလျှင် လူ ၄ ဦးခန့်စစ်နိုင်

ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့တွင် တပ်ဆင်တော့မည့် Covid-19 ရောဂါစစ်ဆေးမည့်စက်တွင် ၁နာရီလျှင် လူ ၄ဦးကို ပျမ်းမျှ စစ်ဆေးနိုင်မည်ဟု သိရသည်။

အဆိုပါစက်ကို မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးနှင့် ဗန်းမော်ဆေးရုံကြီးတွင် စက်တင်ဘာလ လဝက်ပိုင်းမှစတင်ပြီး တပ်ဆင်နိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

“ခုဒီမြစ်ကြီးနားမှာ တပ်မှာကကျတော့ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးတို့မှာတပ်တဲ့ဟာမျိုးအကြီးမဟုတ်ဘူး။ အဲလိုအကြီးတပ်ဖို့ကျတော့ နေရာလေးယူတယ်။ ဇီဝလုံခြုံရေးတွက်လည်းယူတယ်၊ ကျွမ်းကျင်မူလည်းယူတယ် နောက် Safe ဖြစ်ဖို့လည်းယူတယ်။ အဲကြောင့် ဒီမြစ်ကြီးနားမှာတပ်မယ့်စက်ကျတော့ စက်အသေးဖြစ်တယ်။ အချိန်ကတော့ စစစ်ဆေးတာနဲ့ အဖြေထွက်တဲ့ချိန်ထိဆိုရင် အကြမ်းအားဖြင့် တွက်ကြည့်ရင်တော့ တစ်ခုကို ၁၀ မိနစ်လောက်အချိန်ပေးရမယ်ထင်တယ် ၄၅မိနစ်ကို ၄ယောက်အချိန်ပေးရတာဆိုတော့ အဲလောက်ဖြစ်နိုင်တယ်” ဟု ပြောသည်။

နောက်ထပ်လိုအပ်သည့် ပိုးသတ်စက်၊ ဆေးနဲ့ပတ်သက်ပြီး ပိုးသတ်စက်၊ လူကိုအကာကွယ်ပေးတဲ့စက် စသည့် စက် ၃မျိုးအား ကချင်ပြည်နယ်အစိုးရ၏ ဘတ်ဂျတ်ဖြင့်ဝယ်ယူရန်အဆင်မပြေတော့သည့်အတွက် Covid-19 ရန်ပုံငွေမှ ဝယ်ယူရန် စီစဉ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ရောဂါစစ်ဆေးမည့်စက်တွင်လိုအပ်မည့် ပိုးသတ်စက် ၃ မျိုးဝယ်ယူရာတွင် ဆေးရုံ ၂ ခုအတွက် စုစုပေါင်း သိန်း ၄၀၀ ကျော် သုံးစွဲသွားမည်ဟု ဆိုသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်လာခဲ့သော Covid-19 ကပ်ရောဂါစတင်လာချိန်ကစပြီး ကချင်ပြည်နယ်တွင်း ရောဂါစစ်ဆေးနိုင်သည့်စက် အမြန်ထားရှိရန် အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းခဲ့သော်လည်း အစိုးရအနေဖြင့် ယခုမှ စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ် Covid-19 Prevention Network မှ စေတနာ့ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုမုန်ထွယ်တူးက “တစ်ကယ်ကတော့ ဒီစက်ထားသင့်တာကြာပြီ။ ခုဆိုရင် ဒုတိယလှိုင်းပြန်ပြီးထလာပြီဆိုတော့ တစ်ကယ်ထားသင့်ပါပြီ။ ခုဆိုရင်ရခိုင်ဘက်ကလူတွေက ဖားကန့်ဘက်လာတဲ့သူတွေလည်း ရမ်းများလာပြီ။ အဲတော့ အဲမှာလာတဲ့သူတစ်ယောက်ယောက် ရောဂါပိုးသာရှိရင်တော့ ထိန်းလို့ရနိုင်မှာမဟုတ်ဘူး။ အဲကြောင့် ကိုယ့်ပြည်နယ်မှာ စက်ရှိပြီဆိုရင်တော့ အလွယ်တစ်ကူစစ်နိုင်မယ်။ ရောဂါအဖြေရှာတာလည်းမြန်လာမယ်။ ဟိုဘက်မှာ ပို့နေရင်တော့ အချိန်လည်းကြန့်ကြာမယ် အဲကြောင့် ခုလိုစက်ထားမယ်ဆိုရင်တော့ အတိုင်းမသိဝမ်းသာပါတယ်။” ဟု ပြောသည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့တွင် Covid-19 စေတနာ့ဝန်ထမ်းဦးရေ ၁၀၀ခန့်ရှိနေပြီး လိုအပ်ပါက ပထမလှိုင်းတွင် ပါဝင်ကူညီခဲ့ကြသည့် စေတနာ့ဝန်ထမ်းများပါ ပါဝင်ကူညီရန် အဆင်သင့်ရှိကြောင်း ကိုမုန်ထွယ်တူးက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် Covid စတင်ဖြစ်ပွားလာသည့်အချိန်က ရောဂါစစ်ဆေးမည့်စက်သည် ရန်ကုန်မြို့တွင်သာရှိခဲ့ပြီး နောက် မန္တလေး နှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဆက်လက်တပ်ဆင်ခဲ့သည်။ ထို့နောက်လက်ရှိတွင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၂၆ ခုတွင် ရောဂါစစ်ဆေးသည့်စက် ကို ပြန်လည်တပ်ဆင်နေပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် ယနေ့ထိ ဓါတ်ခွဲနမူနာပေါင်း(၅၉၀၁)ဦးရှိကာ Covid-19 ရောဂါပိုး မတွေ့သူ (၅၈၉၉)ဦး၊ ရောဂါပိုးရှိကြောင်း အတည်ပြုခဲ့သူ(၂)ဦသာရှိခဲ့သည်။ ထိုအတည်ပြုလူနာ ၂ ဦးမှာလည်း ရောဂါပျောက်ကင်းသွားသဖြင့် ဇွန်လတွင် ဆေးရုံဆင်းသွားပြီဖြစ်သည်။

Show More

Related Articles

Back to top button