Covid-19 Reportingသတင်း

မြစ်ကြီးနားလိပ်စာဖြင့် ပိုးတွေ့လူနာ ၂ ဦးမှာ နိုင်ငံခြားမှပြန်လာပြီး ရန်ကုန်တွင်ကွာရန်တင်းဝင်နေသူများဖြစ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂ ရက်  ယနေ့ နံနက် ၈နာရီအချိန် Covid-19 နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တွင်ပါရှိသော မြစ်ကြီးနားမြို့မှ ပိုးတွေ့လူနာ(၂)ဦး ဆိုသူမှာ နိုင်ငံခြားမှပြန်လာပြီး လက်ရှိ ရန်ကုန်တွင် ကွာရန်တင်း ဝင်နေသူများသာဖြစ်ကြောင်း သိရသည်။

ထိုသူ ၂ဦးမှာ ကိုဗစ် ဒုတိယလှိုင်းမဖြစ်မှီအချိန် ကချင်ပြည်နယ်တွင် ရှိနေခြင်းမဟုတ်ဘဲ လွန်ခဲ့သည့် သြဂုတ် ၂၈ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံမှ ရန်ကုန်သို့ ရောက်လာကြသူများဖြစ်သည်ဟု ကချင်ပြည်နယ်ကျန်းမာရေးဌာနက ပြန်လည်ထုတ်ပြန်ထားသည်။

“ရန်ကုန်မြို့သို့ ရောက်ရှိသည်နှင့် Sidney Hotel နှင့် ဂန္ဓမာဟိုတယ်များတွင် ဟိုတယ်၌အသွားအလာကန့်သတ်ခြင်း (Hotel Quarantine) ဝင်ရောက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဓာတ်ခွဲနမူနာရယူခြင်းများကို ဆောင်ရွက်ခဲ့၍ (၂ ၊ ၉၊ ၂၀၂၀) ရက်နေ့ ၊ နံနက် (၈:၀၀) သတင်းထုတ်ပြန်ချက်အရ ပိုးတွေ့ရှိ (တွေ့ရှိ) ခဲ့ခြင်းဖြစ်ပါသည်။” ဟု ပြည်နယ်ကျန်းမာရေးဌာန၏ လူမှုစာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ ပိုးတွေ့လူနာ ၂ဦးမှာ ၎င်းတို့ နေရပ်လိပ်စာအရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဟု ဖော်ပြခဲ့သော်လည်း ပိုးမတွေ့ရှိ မှီကာလအတွင်း မြစ်ကြီးနားသို့လာရောက်ခြင်းမရှိခဲ့ကြောင်း ဖော်ပြချက်တွင် ပါရှိသည်။

ကချင်ပြည်သူများအနေဖြင့် Covid-19 ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမ၏ လမ်းညွန်ချက်များ၊ ထုတ်ပြန်ချက်များကို အစဉ်ဆက်မပြတ်ကြည့်ရှု့လေ့လာရန်နှင့် မိမိကအစ ကာကွယ်ခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားခြင်းမရှိစေရန် ဝိုင်းဝန်းကြိုးပမ်းကြပါရန် နှိုးဆော်ထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂ ရက်နေ့ နံနက်အထိ မြန်မာပြည်တွင် Covid-19 အတည်ပြုလူနာ ၉၃၈ ဦးရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button