ရွေးကောက်ပွဲဆိုင်ရာသတင်း

ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများကို ရဟတ်ယာဉ်နှင့် လား ဖြင့် ပို့ဆောင်မည်

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံသုံး ပစ္စည်းများကို ရဟတ်ယာဉ်နှင့် လား များဖြင့် ပို့ဆောင်မည်ဖြစ်သည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင် မှ သိရသည်။

ပူတာအိုခရိုင်တွင် ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ နောင်မွန်းမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် နှင့် မချမ်းဘောမြို့နယ် တို့ပါဝင်သည်။ ကျန်သည့် ၄မြို့နယ်တွင် ကားလမ်းများဖြင့် ပို့ဆောင်နိုင်သော်လည်း ခေါင်လန်းဖူးမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးမကောင်းသောကြောင့် ရဟတ်ယာဉ်နှင့်လားများဖြင့်သာ ပို့ဆောင်ရန်စီစဉ်ထားကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဒေါ်အိအိဖြိုးကပြောသည်။

“လောလောဆယ်တော့ မဲရုံအသုံးအဆောင်တွေကို ပူတာအိုမှာပဲထိန်းသိမ်းထားသေးတယ်။ အဲပစ္စည်းတွေကို ပို့ဖို့အတွက်က အောက်တိုဘာလ ဒုတိယအပတ်လောက်မှရမှာ ရဟတ်ယာဉ်နဲ့ပို့ဖို့ စီစဉ်ထားတယ်။ ရဟတ်ယာဉ်နဲ့ပို့ဖို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာတင်ထားပြီးဖြစ်တယ်။ ဒုတိယအပတ်မှာ ပို့နိုင်အောင်လုပ်ဖို့တော့ပြောထားတယ်။ ဒါပေမယ့် ဒီဘက်ကရာသီဥတုအခြေအနေကလည်း ကြည့်ရသေးတယ်။” ဟု ဟု ဆိုသည်။

လွန်ခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနားမှ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ် ၅ခုလုံးတွင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သော်လည်း ကျန်သည့် ၄မြို့နယ်သည် လမ်းပန်းဆက်သွယ်အဆင်ပြေလာပြီဖြစ်သောကြောင့် ယင်းမြို့နယ်များတွင် တင်ဒါအောင်မြင်ထားသည့် ကုမ္မဏီမှ ကားများဖြင့် ပို့ဆောင်မည်ဖြစ်သည်ဟု ဆိုသည်။

ခေါင်လန်ဖူးမြို့နယ်တွင်မူ ကားလမ်းများမရှိသည့်အပြင် ခေါင်လန်ဖူးထိ ရဟတ်ယာဉ်သွားရန်အဆင်မပြေသည့်အတွက် ရဟတ်ယာဉ်များသည် ဝူယန်ကျေးရွာထိ ပို့ဆောင်မည်ဖြစ်ပြီး ဝူယန်မှ တစ်ဆင့် ခေါင်လန်ဖူးမြို့နယ်ထိ လား များဖြင့် ပြန်လည်သယ်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။

“လားတစ်ကောင်ကို ငှားဖို့ဆိုရင် တစ်ကောင်ကို ၄သောင်းခွဲကျတယ်လို့ ပြောကြတယ်။ လားတစ်ကောင်ဆိုလည်း အများဆုံးသယ်နိုင်မှ ၃ပိသာဘဲ သယ်နိုင်တယ်လို့ိသိရတယ်။ ပြီးတော့ ဒီမဲပုံးတွေကနေရာရမ်းယူတယ် ပုံးတွေက ကားတဲ့ချိန်ကျတော့ လမ်းတွေကကျဉ်းတော့ အခက်ခဲတွေတော့ တော်တော်ရှိပါတယ်။” ဟု ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိဒေါ်အိအိဖြိုးကပြောသည်။

ခေါင်လန်ဖူးမြို့နယ်တွင်သုံးမည့် မဲရုံလက်မှတ်သုံးပစ္စည်းပို့ဆောင်ရန်အတွက် ငွေကြေး ကျပ်၂၆ သိန်းကျော်သုံးစွဲရန် လျာထားပြီး အဆိုပါ မဲရုံသုံး ပစ္စည်းများတွင် မဲလက်မှတ်နှင့် မှင်အိုးများ အခြားပစ္စည်းများအားကျန်နေသေးကာ ယင်း သုံးစွဲမည့် ငွေကြေး ၂၆ သိန်းတွင် ပါဝင်ခြင်းမရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

ခေါင်လန်ဖူးမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ဒုတိယအကြိမ်မဲစာရင်းကြေညာရာတွင် ၈၅၆၀ ရှိပြီး ပထမအကြိမ်မဲစာရင်း ထုတ်ပြန်ရာတွင် ၈၄၀၀ ကျော်ရှိခဲ့သည်။ မဲရုံပေါင်း ၃၆ရုံရှိကြောင်း သိရသည်။

ပူတာအိုခရိုင်တစ်ခုလုံးတွင် လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ မဲထည့်ခွင့်ရှိသည့် လူဦးရေ ၅၅၃၆၂ ရှိခဲ့ပြီး လာမည့် ရွေးကောက်ပွဲတွင်မူ မဲထည့်ရမည့် မဲဆန္ဒရှင်စုစုပေါင်း ၆၀၂၇၅ ရှိကြောင်း ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

ပူတာအိုခရိုင်တွင်းဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသားကွန်ကရက်ပါတီ၊ ညီညွှတ်သောကွန်ကရက်ပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UPB) စသည့် တို့ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော် ၂၈ဦး၊ အမျိုးသားလွှတ်တော်နေရာတွင် ၆ဦး၊ ပြည်နယ် ၁ တွင် ၂၇ ဦး၊ ပြည်နယ် ၂ (၃၀)ဦး ရှိပြီး တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ၇ဦး၊ ရှမ်းတိုင်းရင်းသားရေးရာ ၈ဦး၊ လီဆူ ၈ဦး၊ ရဝမ် ၆ဦး စုစုပေါင်း၂၉ ဦးရှိကြောင်း အရာရှိဒေါ်အိအိဖြိုးက ပြောသည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲရုံပေါင်း ၉၁၀ ရုံရှိကာ ပူတာအိုခရိုင်တွင် မဲရုံပေါင်း ၁၃၉ ဦးအနက် ပူတာအိုမြို့နယ်တွင် ၄၈ ရုံ၊ မချမ်းဘောမြို့နယ်တွင် ၁၇ရုံ၊ နောင်မွန်းမြို့နယ်တွင် မဲရုံ ၂၅ရုံ၊ ခေါင်လန်ဖူး ၃၆ရုံ၊ ဆွမ်ပရာဘွမ် ၁၂ ရုံရှိသည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲဆန္ဒရှင်ဦးရေ ၁၁ သိန်းနီးပါးခန့်ရှိနေပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွင် ၈သိန်းကျော်ရှိခဲ့သည်။

လက်ရှိချိန်တွင် မဲရုံအသုံးအဆောင်ပစ္စည်းများအား သက်ဆိုင်ရာမြို့နယ်အလိုက် ပို့ဆောင်ထားပြီးဖြစ်ကာ ခေါင်လန်ဖူးမြို့နယ်သာ ကျန်တော့သည့်အတွက် အောက်တိုဘာလအတွင်း တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်၏ ပြောဆိုချက်အား ကချင်ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ သိရသည်။

Show More

Related Articles

Back to top button