ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပြည်နယ်က ကျေးရွာ ၁၉၂ နေရာမှာ ရွေးကောက်ပွဲပြုလုပ်မည်မဟုတ်ကြောင်း ကြေညာ

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာအများစုမှာ ကချင်ပြည်နယ်မှ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်မှ သိရသည်။

အဆိုပါ ကြေညာချက်အား အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကြေညာခဲ့ပြီး ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သည့် နေရာများသည် ကချင်ပြည်နယ် ၁၉၂ ၊ ကရင်ပြည်နယ် ၅၂၊ ပဲခူးတိုင်းဒေသကြီး ၄၂၊ ရှမ်းပြည်နယ် ၁၃၇ နှင့် ရခိုင် ၁၅၂ တို့ပါဝင်ကြောင်း ကြေညာချက်တွင်တွေ့ရသည်။

ကချင်ပြည်နယ်တွင် ပူတာအိုခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင် စသည့်ခရိုင်လေးခုရှိပြီး မြို့နယ် ၁၈ မြို့နယ်ရှိရာ ကျေးရွာ၊ ရပ်ကွက်အလိုက် ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သည့်နေရာများသည် ခေါင်လန်ဖူးမြို့နယ်တွင် ၁ နေရာ၊ ဆွမ်ပရာဘွမ်မြို့နယ် ၃၁နေရာ၊ မချမ်းဘောမြို့နယ် ၁၅နေရာ၊ မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ် ၉ နေရာ၊ ဆော့လော်မြို့နယ် ၈နေရာ၊ တနိုင်းမြို့နယ် ၂နေရာ၊ ဝိုင်းမော်မြို့နယ် ၁၃ နေရာ၊ အင်ဂျန်းယန်မြို့နယ် ၆၁နေရာ၊ ဗန်းမော်ခရိုင်တွင် မိုးမောက်မြို့နယ် ၂၁ နေရာ၊ ရွှေကူမြို့နယ် ၉နေရာ၊ မံစီမြို့နယ် ၂၂နေရာ ရှိပြီး စုစုပေါင်း ၁၉၂နေရာရှိကြောင်း ကြေညာချက်တွင် တွေ့ရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ ကချင်ပြည်နယ်ရှိ ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်မည့် မြို့နယ်များတွင် အင်ဂျန်းယန်မြို့နယ်သည် ပထမအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးသည် ဆွမ်ပရာဘွမ်မြို့နယ်ဖြစ်သည်။

ယင်းထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်ပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)မှ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (ပါတီ ဒုဥက္ကဌ ၂ ပါတီပြောရေးဆိုခွင့်ရှိသူ ) ဦးကွမ်ဂရောင်အောင်ခမ်းက ယခုလို သုံးသပ်ပြောဆိုသည်။

“မနေ့ည ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်တဲ့ကြေညာချက်မှာ အထူးသဖြင့် ကချင်နှင့်ရှမ်းဒေသ ကျေးရွာအုပ်စုတွေမှာ တစ်ချို့တွေမှာ ပိုများနေတာတွေ့ရတယ်။ ဒီဟာနဲ့ပတ်သက်ပြီး စိတ်မကောင်းတာထက် ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာ ဘယ်လိုမှလက်မခံနိုင်ဘူး။ ပိုဆိုးတာက NLD လက်ထက်မှာ ပိုပိုပြီး လူတွေရဲ့လွတ်လပ်ခွင့်မှာ ဖိနှိပ်တဲ့အပိုင်းမှာကြုံတွေ့နေရပါတယ်။ ကျနော်တို့ကချင်လူမျိုးများတဲ့နေရာမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းဟာ ကချင်ပါတီတွေရဲ့ထောက်ခံမူများဆုံးရတဲ့နေရာတွေဖြစ်ပါတယ်။ ဒါကိုအစိုးရအနေနဲ့ရော NLD အနေနဲ့ရောစိုးရိမ်ပုံရတယ် ဒီလိုမကျင်းပရခြင်းဟာ သူတို့အတွက် အနိုင်ရမယ့်လမ်းစတွေဖြစ်တယ်ဆိုတာ သုံးသပ်ပြီးတော့ ကျန်တဲ့ဟာတွေကိုပိတ်ပင်ဖို့ဖြစ်တယ်။ ဒါကြောင့် ဒါဟာတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်တယ်ဆိုတဲ့ဟာကို ကျနော်တို့လုံးဝလက်မခံနိုင်ပါဘူး။” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ဦးကွမ်ဂရောင်အောင်ခမ်းက ခုလိုပြောသည်။

ယခုကဲ့သို့ ကချင်လူမျိုးများဆုံးနေထိုင်သည့် နေရာဒေသများတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းသည် ကချင်နိုင်ငံရေးပါတီများတွက် များစွာနစ်နာမူများရှိနေကြောင်း ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ပါတီစုံရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ပါတီပေါင်း ၁၉ ပါတီရှိကာ လူဦးရေ ၁၁သိန်းခန့်ရှိပြီး မဲရုံပေါင်း ၉၁၈ ရုံရှိသည်။

၂၀၂၀ ပါတီစုံရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီးမဲဆန္ဒနယ် ၂၉ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်လောင်း ၆,၉၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

Show More

Related Articles

Back to top button