မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဆွမ်ပရာဘွမ် ကျေးရွာနယ်နမိတ်အတွင်း ရွှေသတ္တုတူးဖော်မှုကို ရပ်ဆိုင်းပေးရန်တောင်းဆို

ကချင်ပြည်နယ် ဆွမ်ပရာဘွမ့်မြို့နယ်အတွင်းရှိ ဖုန်အင်ယာန်ကျေးရွာတွင် ကျေးရွာ တားမြစ်နယ်နမိတ်ဧရိယာအတွင်း ရွှေသတ္ထုတူးဖော်ရန် လုပ်ဆောင်နေသဖြင့် အဆိုပါစီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်းပေးရန် ဒေသခံပြည်သူများက တောင်းဆိုနေကြသည်။

ဖုန်အင်ယာန်ကျေးရွာ၏ ကန့်သတ်နယ်မြေအတွင်း မြေဧက ၃၀၀ ကျော်ကို လုပ်ငန်းရှင် ၂ဦးက ဒေသခံများကို အသိမပေးဘဲ မြေလွတ်မြေလပ် စိုက်ပျိုးမြေအဖြစ် လျှောက်ယူထားပြီး ရွှေသတ္ထုတူးဖော်ရန်လုပ်ဆောင်နေသည်ဟု ဒေသခံ ဦး Lajaw La Htoi က ယခုလို ကန့်ကွက် ပြောဆိုသည်။

“ဘယ်သူက လက်မှတ်ထိုး သဘောတူချပေးတယ်ဆိုတာကိုက မသိရတာပါ။ သူတို့ပြောတာက စိုက်ပျိုးရေး လုပ်ငန်းတွေလုပ်ဖို့လည်းပြောတယ်။ ရွှေတူးဖော်လို့ရတဲ့ နေရာမှာက ရွှေလုပ် မယ်လို့လည်း ပြောပါတယ်။ အဲ့ဒါကိုကျနော်တို့ ဒေသခံတွေက လုံးဝသဘောမတူဘူး။ ကန့်သတ်ဧရိယာဖြစ်တဲ့ အတွက် တခြားသူတွေလုပ်မယ်ဆိုရင်လည်း” ဟု ပြောသည်။

ထို့နောက် ကျေးရွာအတွင်းရှိ ဒေသခံတစ်ချို့ကိုလည်း ရွှေတူးဖော်နိုင်ရန် စည်းရုံးသည့် လုပ်ငန်းများ ဆောင်ရွက်မှုတွေရှိသောကြောင့် ဒေသခံအချင်းချင်းကြား သဘောထားကွဲလွဲသည့် အမြင်များဖြစ်လာနေကြောင်း သူကဆက်လက်ပြောဆိုသည်။

ဖုန်အိန်ယာန်ကျေးရွာနယ်နမိတ်အဖြစ်သတ်မှတ်ထားသော ဧက ၁သောင်းနီးပါးသည် စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေသြဇာအလွန်ကောင်းမွန်သောကြောင့် အစိုးရနှင့်ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကလည်း ကျေးရွာနယ်နမိတ်အဖြစ် တရားဝင် သတ်မှတ်ပေးထားသော နေရာဖြစ်သည်ဟု ဒေသခံများ ပြောသည်။

ဖုန်အိန်ယာန်အပါအဝင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ နေရာအချို့တွင် ပြည်နယ်အစိုးရက အသေးစား သတ္ထုတူးဖော်မှုလုပ်ငန်းများ ချထားပေးပြီဖြစ်သောကြောင့် ကျေးရွာကန့်သတ်ဧရိယာအတွင်း လုံးဝမပြုလုပ်ပေးစေလိုကြောင်း ကျေးရွာအုပ်ချုပ်မှူး ဦး Naw Seng က ပြောဆိုသည်။

“ကျနော်တို့ဒေသခံတွေက တောင်ယာလုပ်ငန်းကိုပဲ ဦးစားပေးလုပ်ကိုင်တာဖြစ်တဲ့အတွက် ကန့်သတ်ထားတဲ့ မြေဧရိယာအတွင်း စီမံကိန်း လုံးဝ မလုပ်စေချင်ဘူး။ တစ်ချို့ဒေသခံတွေဆိုရင် လုပ်ကိုင်စားသောက်ဖို့ လယ်ယာမဲ့ဖြစ်တဲ့ မိသားစုတွေအများကြီးရှိသေးတယ်။ ပြီးရင်ကျေးရွာနဲ့လည်းအလွန်နီးတဲ့အတွက် ရွှေတူးဖော်လိုက်မယ်ဆိုရင် စိုက်ပျိုး ရေးလုပ်ငန်းတွေမှာထိရောက်လုပ်ကိုင်၍ မရဘဲပျက်စီးသွားမယ်ဖြစ်တယ်။ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းထဲမှာ မြေနိမ့်ပိုင်းဖြစ်ပြီး မြေဆီလွှာကောင်းတယ်ဆိုလို့ ဖုန်အင်ယာန် ဒေသတစ်သာရှိတော့တာဖြစ်တယ်။ ဒါကြောင့် ဘယ်စီမံကိန်းကိုမှ မလိုလားဘူး” ဟု ပြောသည်။

လက်ရှိ ဖုန်အင်ယာန်ကျေးရွာအတွင်း နေထိုင် အိမ်ထောင်စု စုစုပေါင်း ၂၅ခုခန့်ရှိနေပြီး လူဦးရေ ထက်ဝက်ခန့်က ၎င်းစီမံကိန်းကို ကန့်ကွက်နေကြောင်း သိရသည်။

ဖုန်အင်ယာန်ကျေးရွာ ကန့်သတ်နယ်မြေတွင် သတ္ထုတူးဖော်ခွင့် မရှိကြောင်း ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး Dashi La Seng ကလည်း ယခုလိုပြောဆိုသည်။

“ဆွမ်ပရာဘွမ်မြို့နယ်အနီးတဝိုက်မှာ ပြည်ထောင်စုအစိုးရကနေ ပြည်နယ်အစိုးရကို စီမံခန့်ခွဲခွင့်ပေးထားတာဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီကန့်သတ်ဧရိယာထဲမှာ ချမှတ်ထားပေးတာတော့မရှိသေးဘူး။ အခုက သူတို့ အနေနဲ့ မြေလွတ်မြေလပ်နဲ့လျှောက်ထားတယ်ဆိုရင် ပြန်လည်စစ်ဆေးရမှာပါ။ လျှောက်ထားတဲ့ပေါ်မှာဘဲ မူတည်ပြီး လုပ်ပိုင်ခွင့်ရရှိမှာပါ။ စိုက်ပျိုးရေးစီမံကိန်းအတွက် လျှောက်ထားတဲ့နေရာမှာ ရွှေသတ္ထုကတူးလို့မရဘူးလေ။ ပြည်နယ်အစိုးရအနေနဲ့လည်း မြေလွတ်မြေလပ်ကို စိုက်ပျိုးရေးအတွက် လျှောက်ထားခြင်းရှိမရှိ။ လျှောက်ထားတဲ့ နေရာက ရွာနယ်နမိတ် ဧရိယာအတွင်းကျရောက်မှုရှိမရှိ ဒါတွေကိုသေချာစစ်ဆေးပြီးမှ တွေ့ရှိချက်တွေကို လုပ်ထုံး လုပ်နည်းနဲ့ အရ ချပေးပိုင်ခွင့်ရှိပါတယ်။ အဲ့လိုမဟုတ်ဘဲ မြေလွတ်မြေလပ်ပုံစံလျှောက်ထားတယ်ဆိုပြီး လုပ်ချင်သလို လုပ်ပိုင်ခွင့် မရှိဘူး။ မြေလွတ်မြေလပ်စီမံခန့်ခွဲတဲ့ သက်ဆိုင်ရာဌာန ခွင့်ပြုချက်မရရင်လည်း သတ္ထုတူးဖော်ခွင့် လက်မှတ်ထုတ် ပေးမှာမဟုတ်ဘူး။ ဒါကိုလည်း အားလုံးကိုသိစေချင်တယ်” ဟု ပြောဆိုသည်။

ဖုန်အင်ယာန်ဒေသခံပြည်သူများအနေနှင့် ကျေးရွာနယ်နမိတ်အဖြစ် စိုက်ပျိုးမြေများအပါအဝင် မြေဧရိယာစုစုပေါင်းမှာ ၉၉၇၅ဧကခန့်ကို ကန်သတ်နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက အတည်ပြု ပြောဆိုသည်။

ပြည်နယ်အစိုးရအနေနှင့် ၂၀၁၉ခုနှစ်ကစပြီး ဒုတိယ်အကြိမ် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၆ခုတွင်တပြိုင်နက် အသေးစားရွှေသတ္ထုတူးဖော်ခွင့်ပေးခဲ့ပြီးနောက် လက်ရှိဆွမ်ပရာဘွမ်မြို့နယ်အတွင်း ၄နေရာခန့်တွင် လုပ်ကွက်ပေါင်း ၂၀ကျော်ခန့် တရားဝင်ချထားပေးကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button