ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

နမ်ခမ်၊ အင်ဂါးဂါး စစ်ပြေးဒုက္ခသည်များကို တနိုင်းမြို့တွင် ပြန်လည်နေချထားပေး

တနိုင်းမြို့ရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသော နန်ခမ်၊ အင်ဂါးဂါးကျေးရွာမှ စစ်ရှောင် အိမ်ထောင်စု ၂၆ စုကို ပြန်လည်နေရာချထားရေးအဖြစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် ဖွင့်ပွဲ ပြုလုပ်ခဲ့ကြသည်။

ရွှေနှင့် ပယင်း သတ္တုထွက်ရှိရာ ၎င်းတို့ဒေသတွင် ၂၀၁၇ ခုနှစ်မှစတင်ပြီး အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ရာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင့် တနိုင်းမြို့စစ်ရှောင်စခန်းတွင် စစ်ပြေးဒုက္ခသည်အဖြစ် ၃ နှစ်ခန့်ခိုလှုံနေချိန် ယခု စစ်ရှောင် အိမ်ထောင်စု အချို့က ပြန်လည်နေရာချထားရေးကို ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ အစီအစဉ်က နေရပ်ပြန်ဖို့ဖြစ်တယ်။ ဒါပေမဲ့ နေရပ်ပြန်ဖို့ အစိုးရနှင့် စစ်တပ်နှင့် အုပ်ချူပ်ရေးဆိုက်ဘက်ရော အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ကြည့်ပေမဲ့ သူတို့ရွာကို ပြန်ဖို့က မပြောနဲ့တော့ သွားကြည့်ဖို့တောင် အရမ်းခက်ခဲတယ်။ လုံခြုံမှုမရှိဘူး။ ဘယ်ချိန်မှ ပြန်နိုင်မလဲဆိုတာကို ဘယ်သူမှ မဖြေပေးနိုင်တာကြောင့် စစ်ရှောင်မှာဘဲ နေမယ်ဆိုလည်း တစ်နေရာတည်းမှာဘဲ ကြပ်တိတ်ပြီး လုပ်ကိုင်စားသောက်ဖို့ခက်ခဲတယ်။ ဒါကြောင့် သူတို့ ကိုယ့်ဘဝကို ကို ကိုယ်ရပ်တည်နိုင်ဖို့ရည်ရွယ်ချက်ဖြင့် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ပေးခြင်းဖြစ်တယ်။” ဟု ပြန်လည်နေရာချထားရေး တာဝန်ခံဆရာအင်ဖန်နော်တောင်က ပြောသည်။

၂၀၁၇ ဇွန်လ ၆ ရက်နေ့ နမ်ခမ်ကျေးရွာ တိုက်ပွဲကြောင့် စတင်ထွက်ပြေးလာသူများဖြစ်ပြီး ယခု ၃ နှစ်အကြာ စစ်ရှောင်စခန်းတွင်နေထိုင်လာရာမှ ၎င်းတို့ကိုယ်တိုင်တောင်းဆိုမှုကြောင့် ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ပြန်လည်နေရာချထားရေး နေအိမ်သို့ ပြောင်းရွှေ့နေထိုင်သည့် စစ်ရှောင်ပြည်သူများကို စတင်ပြောင်းရွှေ့နေထိုင်သည့်ရက်မှ ၆ လ ထိသာ ကူညီထောက်ပံ့မှု ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိချိန်မှာ ပြန်လည်နေရာချထားရေး နေအိမ်သို့ ပြောင်းရွှေ့နေထိုင်မည့် စစ်ရှောင်ပြည်သူများအတွက် ပညာရေးအဆောက်အအုံ၊ ကျန်းမာရေးစောင့်ရှောက်ခွင့်နှင့် ကြာရှည်ခံ အသက်မွေးဝမ်းကျောင်းထိန်းနိုင်ဖို့ လယ်ယာဖော်ထုတ်ရေး၊ နည်းပညာ၊ လက်မှုပညာအစရှိသည့် အခွင့်အလမ်း ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။

တနိုင်းမြို့ ကတ်သလစ်စစ်ရှောင်စခန်းတွင် လက်ရှိ နမ်ခမ်ကျေးရွာ၊ အောင်လောဒ်၊ ဆွတ်အိန်ယန်၊ ဆွတ်ရာ စသည့်ကျေးရွာများမှ စစ်ရှောင်ပြည်သူ ၇၂၃ ဦးရှိ ဆက်လက်ခိုလှုံနေကြောင်း သိရသည်။

Show More

Related Articles

Back to top button