သတင်း

စာချုပ် ချပြဖို့ထက် စီမံကိန်းအပြီးတိုင် ရပ်ဆိုင်းပေးရန်လိုလားကြောင်း မြစ်ဆုံဒေသခံများတောင်းဆို

ရွေးကောက်ပွဲအနိုင်ရသဖြင့် နောက်ထပ်ပြန်တက်လာမည့် NLD အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး စာချုပ်စာတမ်းချပြဖို့ထက် စီမံကိန်းအပြီးတိုင် ဖျက်သိမ်းပေးဖို့သာ လုပ်စေချင်ကြောင်း မြစ်ဆုံဒေသခံတချို့က ပြောသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် NLD ပါတီက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး စာချုပ် လူထုကိုချပြသွားမည်ဟု ကတိပြုခဲ့သော်လည်း အစိုးရသက်တမ်း ၅ နှစ်ကုန်ဆုံးတော့မည်အချိန်ထိ တိတ်ဆိတ်နေဆဲဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကသာ ဆက်လက်အနိုင်ရရှိသောကြောင့် လာမည့်အစိုးရသက်တမ်းတွင် ၎င်းမြစ်ဆုံစာချုပ်ကို ချပြခြင်းထက် စီမံကိန်းလုံး၀ ရပ်တန့်လိုက်ဖို့သာ လိုချင်ကြောင်း ပြောသည်။

“လွန်ခဲ့တဲ့ရွေးကောက်ပွဲမှာ NLD က အဲဒီစာချူပ်ကို လူထုထံချပြသွားမယ်လို့ပြောတယ်။ ဒါပေမဲ့ဒီနေ့ချိန်ထိ တိတ်ဆိတ်နေတာက သူ့ရဲ့တာဝန်ပျက်ကွက်မှုတစ်ခုဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဓိက လိုချင်တာ အဲတာမဟုတ်ဘူး။ စာချုပ်ချပြမယ်ဆိုတာက ကျွန်တော်တို့အတွက် အဲ့လောက်မဟုတ်တော့ဘူး။ ကျွန်တော်တို့ အဓိက လိုချင်တာက မြစ်ဆုံစီမံကိန်း ထာဝရ ရပ်တန့်လိုက်ပြီဆိုတာဖြစ်တယ်။ အခုချိန်မှာ ကျွန်တော်တို့အရေးကြီးတာက အဲဒါပဲဖြစ်တယ်။” ဟု မြစ်ဆုံဒေသခံ ဦးတူးခေါင်က ပြောသည်။

သို့ဖြစ်၍ မြစ်ဆုံစီမံကိန်းထာဝရ မရပ်တန့်သ၍ ပြန်တက်လာမည့် အစိုးရအဆက်ဆက်ကိုလည်း ကန့်ကွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသည့် ပြည်သူတို့နေအိမ်များသည် ၁၀ နှစ်ကြာလာသည့်အခါ ခိုင်ခံ့မှုမရှိတော့သဖြင့် မိမိတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် နေရပ်ဖြစ်သည့် မြစ်ဆုံဒေသသို့ သွားလာ လုပ်ကိုင်စားသောက်နေရကြောင်း သိရသည်။

သို့ဖြစ်ပြီး မြစ်ဆုံဒေသခံများအနေဖြင့် အောင်မြင်သာတွင်နေထိုင်ပြီး မူလ၎င်းတို့ မြစ်ဆုံဒေသတွင် လုပ်ကိုင်စားသောက်ရန် ဆက်တက်လာမည့်အစိုးရကိုတောင်းဆိုလိုကြောင်း ဒေသခံ ဒေါ်လုရာက ပြောသည်။

“အောင်မြင်သာလည်း ကျွန်မတို့နေရာ၊ မြစ်ဆုံဒေသလည်း ကျွန်မတို့ကျေးရွာ နှစ်ခုလုံးက ကျွန်မတို့ဟာဘဲ။ ဘာကြောင့်လဲဆိုရင် ၁၀ နှစ်သာထားခဲ့ပြီးမှ သွားရောက်ပြန်လည်တည်ဆောက်မယ်ဆိုတော့ မလွယ်ဘူး။ ကျွန်မတို့ အောင်မြင်သာမှာ နေပြီး ကျွန်မတို့ ဒေသ အိမ်ခြံမြေတွေကို ပြန်လည် ထူထောင်မယ်။ ဒါကြောင့် ပြန်တက်လာမယ့်အစိုးရကို တောင်းဆိုချင်တာက ကျွန်မတို့မြစ်ဆုံမှာလည်းနေမယ်၊ အောင်မြင်သာမှာလည်းနေမယ်။ အောင်မြင်သာမှာနေပြီး ကျွန်မတို့ မြစ်ဆုံဒေသကို သွားရောက် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန် ဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်။” ဟု မြစ်ဆုံဒေသခံ ဒေါ်လုရာ က ပြောသည်။

ပြည်သူလူထုကန့်ကွက်မှုကြောင့် မြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်က ယာယီရပ်ဆိုင်းဖို့ ကြေညာခဲ့တာဖြစ်ပြီး ယနေ့ ၂၀၂၀ ရွေးကောက်ပွဲပြီး ပြန်လည်တက်လာမည့် အစိုးရကိုမူ စီမံကိန်း ထာဝရ ရပ်တန့်သွားစေလိုကြောင်း တောင်းဆိုနေကြသည်။

မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသောကျေးရွာများမှာ တန်ဖရဲ၊ အောင်ဂျာယန်၊ ဒေါင်ပန်၊ လဖျဲ့ကထောင် နှင့် မလိဇွပ် စသော ကျေးရွာများဖြစ်ပြီး ၎င်းတို့ကို အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာသစ်တို့တွင် ပြောင်းရွေ့နေရာချထားခဲ့သည်။

Show More

Related Articles

Back to top button