သတင်း

လူစားလှဲမောင်းခြင်းကြောင့် တရုတ်နယ်စပ် မြန်မာကားသမားများ အခက်အခဲတွေ့နေ

တရုတ်-မြန်မာ နယ်စပ် ကန်ပိုင်တီတွင် နိုဝင်ဘာလ ၁၉ ရက်နေ့မှစကာ ကုန်ကားများကို တရုတ်နိုင်ငံဘက်မှ ရှိန်တင် (လူစားလှဲမောင်းခြင်း) ပြုလုပ်နေသည့်အတွက် မြန်မာအတွက် အခက်ခဲကြုံတွေ့နေကြောင်း ကားသမားများထံမှ သိရသည်။

တရုတ်တစ်သျှူးငှက်ပျောတင်နေသည့် မြန်မာဘက်မှ ကုန်တင်ကားများ နယ်စပ်အကျော်(ငှက်ပျောချကွင်း)အထိသာ မောင်းနှင်ခွင့်ရှိပြီး ယင်းနေရာအဝင်ဝမှစကာ တရုတ်ဘက်မှ ကားသမားများဖြင့်လူစားမောင်းနှင်နေသည့်အတွက် မြန်မာနိုင်ငံဘက်မှကားသမားများတွက် နှစ်နာမူများရှိနေကြောင်း ကားသမားအဖွဲ့မှ ကိုအောင်စီက ပြောသည်။

“တရုတ်တွေဘက်က ရှန်တိန်မောင်းတဲ့ဟာကို ချက်ချင်းလက်ငင်းအကောင်အထည်ဖော်လိုက်တာ သူတို့တရုတ်ကုမ္မဏီတွေကိုတော့ ရှန်တိန်မောင်းမယ့် စည်းကမ်းချက်တွေနဲ့ပတ်သက်ပြီး မြန်မာကားဆရာက ဘယ်ကနေ ဘယ်အထိဘဲမောင်းရမယ် အဲကနေစပြီးတော့ တရုတ်ကားသမားတာဝန်ယူပြီးတော့ ငှက်ပျောချကွင်းကို သွားမယ် ပြီးရင် ဂျက်ဖာပြန်တင်မယ် တင်ပြီးရင် မြန်မာကားဆရာလက်ထဲကို ပြန်အပ်မယ်။ အဲလိုရှန်တိန်မောင်းမယ့် ဟာနဲ့ပတ်သက်ပြီး တရုတ်ဘက်ကနေ တရားဝင်စာထွက်လို့ သိရတယ်။ မြန်မာဘက်ကိုတော့ ပြည်နယ်အစိုးရ၊ သက်ဆိုင်တဲ့ အသင်းအဖွဲ့တွေကို ပေးလားမပေးလားတော့မသိဘူး။ ဒါပေမယ့် မနေ့ကတော့ ကံပိုက်တည်အုပ်ချုပ်ရေးမှူး ဒီဟာကို လက်မခံဘူးဆိုတဲ့ အကြောင်းပြောလိုက်တာတော့ရှိတယ်။” ဟု ကားဆရာ ကိုအောင်စီ က ပြောသည်။

ယင်းကဲ့သို့ ရှန်တိန် (လူစားမောင်းခြင်း)သည် မြန်မာဘက်မှကားအမျိုးအစားစုံသည့်အတွက် တရုတ်နိုင်ငံမှ ကားသမားများအနေဖြင့် ကျွမ်းကျင်မူမရှိသည့်ကားများလည်း ရှိနိုင်သည့်အတွက် ကားပျက်စီးဆုံးရူံးမူများရှိနိုင်ပြီး ကားသမားများအတွက် အဘက်ဘက်မှ နစ်နာမူများရှိကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေးတွင် ညှိနိူင်းအဖွဲ့များရှိနေသော်လည်း တရုတ်နိုင်ငံဘက်မှ တရားဝင်အကြောင်းကြားလာခြင်းမရှိသည့်အပြင် ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားသွားနိုင်ကြောင်း ကချင်ပြည်နယ်သီးနှံအသင်း ဥက္ကဌ ဦးလရစ်က ယခုလိုပြောသည်။

“အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ဆီမှာ တရားဝင်စာတော့မရောက်လာဘူး။ အဲကြောင့်မို့ မနေ့ညကနေပြောထားတယ် ကျနော်တို့ဒီမှာ ခရိုင်မှူးအပါအဝင်ညှိနိုင်းကော်မတီဆိုတာရှိပါတယ်။ အဲကြောင့် ညှိနိုင်းကော်မတီနဲ့တွေ့ဆုံဆွေးနွေးပြီးမှ လုပ်ရင်သင့်တော်မယ်လို့ပြောလိုက်တယ်။ အဲလိုမှမဟုတ်ရင် ခင်ဗျားတို့ ကြိုက်သလိုလုပ်နေရင် ဒါတော့တစ်နိုင်ငံနဲ့ တစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားသွားနိုင်လို့ ဒီမနက်ဘဲ တရုတ်ပြည်က ကုန်သည်ကြီးများအသင်းနဲ့ပြောလိုက်တာ။ ခုဒီပုံစံ သီးနှံအသင်းတွေနဲ့ရော ဘယ်သူနဲ့မှညှိနိူင်းခြင်းမရှိဘဲ ဒီလိုလုပ်လာတာတော့ လုံးဝမသင့်တော်တဲ့ လုပ်ရပ်ဘဲလို့တော့ပြောလိုက်တယ်။ ဒီကိစ္စကိုတော့ ကျနော်တို့ဘယ်နည်းနဲ့မှလက်မခံနိုင်ဘူးလို့ ပြောလိုက်တယ်။” ဟု ကချင်ပြည်နယ်သီးနှံအသင်း ဥက္ကဌ ဦးလရစ်ကပြောသည်။

တရုတ်ဘက်မှ ယခုကဲ့သို့ရှန်တိန်မောင်းခြင်းသည် စမ်းသပ်ခြင်းသာဖြစ်ပြီး မြန်မာဘက်မှ သဘောမတူပါက လုပ်မည်မဟုတ်ဟု ဖုန်းဖြင့်ပြန်လည်ဖြေဆိုလာကြောင်း ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ် စိုက်ခင်းများမှထွက်သည့် တရုတ်တစ်သျှူး ငှက်ပျောများအား သယ်ယူပို့ဆောင်ရန် တရုတ်နိုင်ငံမှ ကားအစီး ၃၀၀ နှင့် ကချင်ပြည်နယ်တွင်းမှ ကားအစီး ၃၀၀ ဖြင့် သယ်ယူရန် ဆွေးနွေးညှိနိူင်းထားခြင်းဖြစ်သည်။

သို့သော်လက်ရှိချိန်တွင် မြန်မာနိုင်ငံမှကားများအား တရုတ်ကားသမားများ ရှန်တိန်မောင်းရမည့် အချက်များသည် ပါရှိခြင်းမရှိသည့်အပြင် တရုတ်နိုင်ငံဘက်မှမြန်မာကားသမားများ၊ သက်ဆိုင်ရာ၊ အစိုးရအဖွဲ့အစည်းများသို့အကြောင်းကြားကာ ဆွေးနွေးညှိနိူင်းခြင်းမျိုးမရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် တရုတ်ဘက်မှ ရှန်တိန်မောင်းနေသည့်အတွက် မြန်မာကားသမားအနေဖြင့် ကားပျက်စီးခြင်းများ ကြုံတွေ့နေရသည့်အပြင် နေထိုင်ရာနေရာများ၊ အစားသောက်များဝယ်ယူရန်ပင် ခက်ခဲမူများစွာရှိကြောင်း ကားသမား ဦးသက်က ခုလိုပြောသည်။

“ပထမတစ်ချက်က အိပ်ဖို့က သူတို့လုပ်ပေးထားတွေက ကားသမားများတော့ မလုံလောက်ဘူး။ ခုကဆောင်းတွင်းကြီးဖြစ်နေတော့ တစ်ချို့တွေက နေရာထိုင်ခင်းအဆင်မပြေတဲ့အတွက် အပြင်မှာအိပ်ကြတော့ နေမကောင်းတွေဖြစ်လာကြတယ်။ စားတာသောက်တာလည်း သူတို့က ကားတွေချိန်းမောင်းတဲ့ချိန်ကျတော့ ကျနော်တို့က ကားထဲမှာ ချက်စားလို့မရတော့ သူတို့က တရုတ်ဆိုင်ကနေတော့ မှာပေးတယ်။ ဒါပေမယ့် ဈေးကြီးတော့ အဆင်မပြေဘူး။ နောက်တစ်ခုက ကားတွေက ဥရောပကားတွေနဲ့ဂျပန်ကားတွေက မတူတော့ ကားချိန်းမောင်းလိုက်တဲ့ချိန်မှာ ကားတွေက မောင်းနေကြလူမဟုတ်တော့အကြောင်းမသိ ပျက်ကုန်ရော။ ဒီမနက်လဲ တစ်စီးပျက်သွားတယ်။ အဲကြောင့်ကျနော်တို့မှာ အခက်ခဲတွေများကြီးကြုံနေရတယ်။”ဟု ကားဆရာ ဦးသက် က ပြောသည်။

လတ်တလော အခြေနေအရ နယ်စပ်မှတ်တိုင်နားရှိ လိုဏ်ခေါင်းမှ တရုတ်သို့သတ်မှတ်ထားသည့် ကုရုံး ငှက်ပျောချကွင်းထိ ၂၇ ကီလိုမီတာခန့်သာ မောင်းခွင့်ရှိပြီး ငှက်ပျောချသည့်ကွင်းအဝင်ဝတွင် တရုတ်ယာဉ်မောင်းများမှ ကိုယ်စားမောင်းယူသွားသည့်အခြေနေမျိုးရှိနေကြောင်း ကားသမားများပြောသည်။

နယ်စပ်ကုန်သွယ်ရေးတွင် ကားအစီး ၂၀၀ ကျော်စီအသုံးပြုကာ ပူးတွဲလုပ်ဆောင်ရန် ဧပြီလ ၂၅ ရက်နေ့တွင် နှစ်နိုင်ငံကြား သဘောတူညီခဲ့ပြီးနောက်တွင် လွန်ခဲ့သည့် အောက်တိုဘာလမှစကာ ကားအစီးထပ်တိုးသယ်ဆောင်ရန် သဘောတူခဲ့ကြသည်။

မြန်မာကားသမားများ စားဝတ်နေရေးအဆင်ပြေစေရန် တရုတ်နိုင်ငံသို့လှမ်းပြီး ကူညီပေးရန်တောင်းဆိုထားသည့်အပြင် ယခုကဲ့သို့ ရှန်တိန်မောင်းခြင်းများအားလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနိူင်းပြီးမှသာ လုပ်ဆောင်ရန်တောင်းဆိုထားကြောင်း ကန်ပိုင်တီ အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်ကဆိုသည်။

ကချင်ပြည်နယ်တွင် တရုတ်တစ်သျှူးငှက်ပျောများကို ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ စသည့် ဒေသများစွာတွင် စိုက်ပျိုးထားသော်လည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ဧကပေါင်း တိတိကျကျကောက်ထားနိုင်ခြင်းမရှိသေးပေ။သို့သော် ဒေသခံများ၏ ပြောဆိုချက် အရပ်ဘက်အဖွဲ့စည်းများ၏ စစ်တမ်းအရ ငှက်ပျော်စိုက်ခင်းဧက ၁သိန်းကျော် ရှိနေကြောင်း သိရသည်။

တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းလုပ်ငန်း မြန်မာနိုင်ငံတွင် သက်တမ်း ၁၀နှစ်ကျော်ကြာမြင့်လာသော်လည်း တရားမဝင်လာရောက်စိုက်ပျိုးခြင်းကြောင့် အခွန်မရခြင်း၊ ဓါတုဆေးများအလွန်အကျွံသုံးစွဲခြင်းကြောင့် ဒေသခံများ၏မြေနေရာများ မြေဆီလွှာပျက်စီးခြင်းအပါအဝင် ဒေသခံအလုပ်သမားများအပေါ် လုပ်ခခေါင်းပုံဖြတ်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင်လည်း ညှိနိူင်းမူများမလုပ်ဘဲ တစ်ဖက်စောင်းလုပ်ကိုင်ခြင်းမျိုးကြုံတွေ့နေကြောင်း ဒေသခံများများက ဝေဖန်ပြောဆိုနေကြသည်။

Show More

Related Articles

Back to top button