သတင်း

ဆန်ပြတ်လတ်နေသော ဆော့လော်မြို့နယ်အတွက် အစိုးရက ထောက်ပံ့ပေး

Covid-19 နှင့် သဘာဝဘေးကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသော ဆော့လော်မြို့နယ်ပြည်သူများအတွက် ပြည်ထောင်စုအစိုးရက ဆန်ထောက်ပံ့ပေးထားကြောင်း သိရသည်။

ပြောင်းဖူးခင်းပိုးဖျက်ခံရခြင်းနှင့် Covid-19 ကြောင့် စစ်ဆေးရေးဂိတ်များတင်းကြပ်သွားပြီးနောက် တရုတ်နိုင်ငံဘက်မှ ဆန်သယ်ယူရန်ခက်ခဲသွားသောကြောင့် ပြည်ထောင်စုအစိုးရထံတောင်းပေးရခြင်းဖြစ်သည်ဟု လက်ရှိ ဆော့လော်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခေါ်မာဝူ က ပြောသည်။

“ကျမ ရွေးကောက်ပွဲစည်းရုံးရေးကာလဆင်းတဲ့ခါတိုင်း ရွာတိုင်းမှာဖြစ်နေတာက အစားအသောက် အခက်ခဲဖြစ်နေကြတယ်။ ရှိတဲ့ဆန်ကလည်း ပြောင်းဖူးနဲ့ရောချက်လို့ကုန်ပြီ ပိုဆိုးတာက ခုပြောင်းဖူးခင်းပိုးဖျက်ခံလိုက်ရတဲ့အတွက် ရိက္ခာတွေပြတ်လာတဲ့အခြေနေတွေရှိနေကြတဲ့အတွက် ကျမတို့ရဲ့ဆော့လော်ပြည်သူတွေအတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်ရယ် ဘေးအန္တရယ်ဆိုင်ရာဦးစီးဌာနကနေပြီးတစ်ဆင့် ပြည်ထောင်စုအစိုးရဆီတောင်းလိုက်တဲ့ချိန်ကျတော့ ဆန်အိတ်ပေါင်း ၄၀၀၀ ကျော်ချပေးတယ်။ ခု သယ်ယူဖို့က နယ်လုံဝန်ကြီးရဲ့ဖြတ်သန်းသွားလာ ခွင့်ပြုချက်ရတာနဲ့ သယ်ယူတော့မှာဖြစ်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ပြောသည်။

ပြည်ထောင်စုမှ ချပေးထား ဆန်အိတ် ၄၀၀၀ ကို လူတစ်ဦးလျှင် ၂လစာအတွက် ၁၄ ပြည် ရရှိမည်ဖြစ်ပြီး ဆော့လော်တစ်မြို့နယ်လုံး အိမ်ခြေပေါင်း ၉၅၉ အိမ် လူဦးရေပေါင်း ၆၇၀၀ ကျော်ရရှိမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဆော့လော်မြို့နယ်သည် တရုတ်နယ်စပ်မြို့ဖြစ်ကာ ဒေသခံများသည် တရုတ်နိုင်ငံသို့ အစားအသောက်များ သွားရောက်ဝယ်ယူကြသည့်အပြင် အလုပ်အကိုင်အခွင့်လမ်းရရှိရန်လည်း တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည်။

သို့သော် လက်ရှိချိန်တွင် Covid-19 ကပ်ရောဂါကာလဖြစ်သည့်အလျှောက် တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များအား Covid-19 ကပ်ရောဂါစတင်ဖြစ်စဉ်ကတည်းက ပိတ်ခဲ့ပြီး ယခုနောက်ပိုင်း နယ်စပ်ဂိတ်တွင် ယခင်ထက်ပိုမိုတင်းကြပ်လာသည့်တွက် ဒေသခံများ အစားအသောက်ဝယ်ယူရန်ခက်ခဲလာကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့်ဆော့လော်မြို့နယ် တစ်မြို့နယ်လုံးအား ပြည်ထောင်စုအစိုးရမှ ဆန်ထောက်ပံ့မူသည် ပထဆုံးအကြိမ်ဖြစ်သည်။

လွန်ခဲ့သည့် မေလတွင် တစ်ကြိမ်ဆန်အိတ်ပေါင်း ၁ထောင်ကျော်ထောက်ပံ့ခဲ့သော်လည်း ယင်းဆန်အိတ်များသည် ဆော့လော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင်သာ ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ခေါ်မာဝူကပြောသည်။

“ပထမတစ်ခေါက်တော့ အန်တီရဲ့မဲဆန္ဒနယ် (၂)အတွက်ဘဲတောင်းလိုက်တာပါ ခုက တစ်မြို့နယ်လုံးအတွက် တင်တောင်းတာဖြစ်တယ်။ ဒီထောက်ပံ့ပေးတဲ့ဟာတွေက သယ်ယူစရိတ်ကအစ ဘာမှပေးစရာမလိုပါဘူး။ လူမူရေးဝန်ကြီးဌာနကနေ ဆန်ဖိုးရော၊ သယ်ယူစရိတ်ကော အပြည့်အစုံ ဆောင်ရွက်ထားပြီးသားဖြစ်တယ်။ ဒါကို ကချင်ပြည်နယ်ဘေးအန္တာရယ်ဦးစီးဌာနကနေ အားလုံး စီမံပြီး ပို့ပေးဖို့ စီစဉ်နေပြီဖြစ်ပါတယ်။”လို့ ဆော့လော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခေါ်မာဝူက ခုလိုပြောသည်။

မြန်မာနိုင်ငံတွင် Covid-19 ကပ်ရောဂါဖြစ်ပွားမူသည် ၁၀ခန့်ကြာမြင့်လာသည်နှင့်အမျှ ပြည်သူများအတွက်လည်း အစားအသောက် ခက်ခဲမူများစွာကြုံတွေ့လာကြရသည်။

ထို့အတူ ပိုးတွေ့ရှိမူသည်လည်း ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်တွင် သိသိသာသာပြန်လည် တိုးလာသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button