သတင်း

မြစ်ကြီးနား ကွာရန်တင်းစင်တာများအတွက် တစ်လ သိန်း ၁၅၀ ခန့် အသုံးပြုနေ

မြစ်ကြီးနားမြို့နယ်အတွင်း Covid-19 ကွာရန်တင်းစင်တာများတွင် အထွေထွေအသုံးစရိတ် တစ်လလျှင် ကျပ်သိန်း ၁၅၀ ခန့်ရှိနေပြီး ပြင်ပအလှူရှင်ထောက်ပံ့ငွေ အပြင်အစိုးရ၏ငွေတို့ဖြင့် သုံးစွဲနေရကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“ဇူလိုင်လ ၁၃ ရက်မှ စက်တင်ဘာ ၁၅ ရက်နေ့ထိ ထမင်းစရိတ်ထောက်ပံ့ငွေ ၆၆၅ သိန်းထောက်ပံ့ပေးပြီးဖြစ်တယ်။ ဒီပြင် အလှူရှင်များမှ ထောက်ပံ့ငွေဖြင့် ကျွေးခဲ့သည့်လူဦးရေ အနည်းဆုံး ၁၀၀ ကနေ ၄၀၀ခန့်ထိရှိတယ်။ တစ်ဦးလျှင် ၃၀၀ ကျပ်နဲ့နေ့စဉ်ကျွေးခဲ့တာဖြစ်တဲ့အတွက် အလှူရှင် ၁၉၁ ဦး မှာ တစ်ဦးသည် ၃သိန်းကျတာရှိတယ်။ တစ်ချို့ တစ်ဦးက ၄သိန်း တစ်ဦးနဲ့တစ်ဦးမတူကြဘူး အားလုံးပျှမ်းမျှအားဖြင့် ပေါင်းလိုက်မယ်ဆိုရင် တစ်ရက်ကို ငွေကျပ် ၅သိန်းလောက်ကုန်တယ် တစ်လဆိုရင် သိန်း ၁၅၀လောက်ရှိတယ်။” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

မတ်လ မှ စကာ မြစ်ကြီးနားမြို့အတွင်း ကွာရန်တင်းစင်တာာများတွင် ကွာရန်တင်းဝင်နေသည့် သူများအား ထမင်းစရိတ်ထောက်ပံ့ငွေအပြင် မြို့အဝင်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမူများ ပြုလုပ်ရာတွင် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူခြင်း၊ ဘူတာ၊ ကားကြီးကွင်း အစရှိသည့်အထွေထွေ အသုံးစရိတ်သည် ကိုဗစ်အဖွဲ့အလှူခံထားသည့် ၂၀၃ သိန်း အပြင် အလှူရှင်များမှထောက်ပံ့ငွေ သိန်းပေါင်း ၈၇၅၊ ပြည်နယ်အစိုးရမှပံ့ပိုးငွေ ၆၆၅ သိန်း စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၈၀၀ ခန့်ရှိပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိအခြေနေအထိ မြစ်ကြီးနားကိုဗစ်ကော်မတီမှ လက်ခံရရှိထားသည့် အလှူငွေ ကျပ် ၂၀၃ သိန်းတွင် ၁၉၁ သိန်း သုံးစွဲပြီးဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုများကို မတ်လမှစတင်ခဲ့ပြီး ယခုဆိုလျှင် ၈လခန့်ရှိလာပြီဖြစ်သည်။

လက်ရှိ မြစ်ကြီးနားမြို့နယ်တွင် ကွာရန်တင်းစင်တာအဖြစ် ပညာရေးကောလိပ်နဲ့မြစ်ကြီးနားတက္ကသိုလ်ကိုအသုံးပြုနေပြီး ကွာရန်တင်းဝင်နေသူ စုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတွက် ကိုဗစ်ကာလ သုံးစွဲခဲ့သည့် အထွေထွေအသုံးစရိတ်အား သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

Show More

Related Articles

Back to top button