Covid-19 Reportingသတင်း

ကိုဗစ်အတည်ပြုလူနာများလာသော ဖားကန့်တွင် ကွာရန်တင်းစင်တာအတွက် အခက်အခဲရှိလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာအဆမတန်တိုးလာသည့်အတွက် ကွာရန်တင်း စင်တာများတွင် နေရာအခက်ခဲရှိလာကြောင်း လုံးခင်းတိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မျိုးထွန်းထံမှ သိရသည်။

“လောလောဆယ်တော့ အထက စာသင်ကျောင်းမှာတော့ နေရာကကုန်သလောက်နီးပါးကို များလာပြီ။ သူရဲ့ အနီးစပ်ဆုံး Contact တွေကိုထားရတယ်။ နေရာအခက်ခဲက တော်တော်ကိုခက်ခဲနေတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာတော့ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်ထွေအုပ်က ဆုံးဖြတ်ပေးမှာပေါ့။” ဟု လုံးခင်းတိုက်နယ်ဆေးရုံအုပ် ဒေါက်တာကျော်မျိုးထွန်းက ပြောသည်။

ဒီဇင်ဘာ ၈ရက်နေ့ထိ လုံးခင်းကျေးရွာတွင် ပိုးတွေ့လူနာပေါင်း ၁၀၃ ဦးရှိလာနေပြီး ကချင်ပြည်နယ်တစ်ပြည်လုံးတွင် ပိုးတွေ့ရှိမူတွင် ဖားကန့်သည် အများဆုံးဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ စစ်တမ်းအရ ဖားကန့်မြို့နယ်တွင် လက်လုပ်လက်စား၊ ရွှေ့ပြောင်းအလုပ်သမားများ ၄သိန်းခန့်ရှိကာ လူဦးရေထူထပ်သောနေရာတစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် လူဦးရေ ထူထပ်သောဖားကန့်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းများတွင်လည်း အခက်အခဲရှိနေကြောင်း ဒေါက်တာကျော်မျိုးထွန်းက ဆက်ပြောသည်။

“ပိုးတွေ့တဲ့ လူနာများတယ်ဆိုတာ ဒီမှာကလူဦးရေများတယ် အိမ်ခန်းဌားတွေများတယ်။ လက်လုပ်လက်စားတွေများတယ်။ ရွှေ့ပြောင်းအလုပ်များတော့ ဒီမှာတော့ တစ်ယောက်တွေ့ပြီဆိုရင် တွေ့တဲ့နူန်းကတော့ များလာတယ်။ ဒါက ထိန်းချုပ်ရခက်တယ်။ ကိုယ်ပိုင်အိမ်ပိုင်ဆိုရင် Home Q သဘောမျိုးထိန်းချုပ်ဖို့ လွယ်ပေမယ့် အိုးပိုင်အိမ်ပိုုင်မရှိတဲ့သူတွေကတော့ ထိန်းချုပ်ရခက်တယ်ပေါ့လေ။ ခုလောလောဆယ်တော့ နေအိမ်ကွာရန်တင်း Home stay နဲ့ ပါဆယ်လေ့ာဒ်ဒေါင်း တစ်ချို့ပိုးတွေ့တဲ့ရပ်ကွက်ဆိုရင် လမ်းတွေပိတ်လိုက်တယ်။ ဒီလိုဘဲ တစ်စိတ်တစ်ဒေသနဲ့ လုပ်ဆောင်နေပါတယ်။” ဟု ဒေါက်တာကျော်မျိုးထွန်းက ပြောသည်။

လက်ရှိတွင် အနံ့ပျောက်သည့်သူများအား အ.မ.က မူလတန်းကျောင်းတွင်ထားပြီး အတည်ပြုလူနာနှင့်ထိစပ်သူများသည် လုံးခင်း အ.ထ.က စာသင်ကျောင်းတွင် ထားရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၈ရက်နေ့ ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဖားကန့်မြို့နယ်တွင် လုံးခင်း ၄ဦးပါဝင်ပြီး၊ ဆိပ်မူ ၆ဦး၊ ဆိုင်းတောင် ၂ ဦး စုစုပေါင်း ၁၂ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာလ ၇ရက်နေ့ထိ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ပိုးတွေ့လူနာစုစုပေါင်း ၃၁၂ဦးရှိပြီဖြစ်ပြီး ဆေးရုံဆင်းပြီးသူ ၁၉၆ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button