စစ်ပြေးဒုက္ခသည်များသတင်း

နေရပ်ပြန်မည့် ဒဘတ်ကျေးရွာတွင် မိုင်းရှင်းလင်းပြီးစီးကြောင်း တပ်မတော် ထုတ်ပြန်

ကချင် စစ်ရှောင်များနေရပ်ပြန်ရန်ရွေးချယ်ထားသော ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သို့သော်လည်း ရွာဝန်းကျင်ကိုသာ ရှင်းလင်းထားပြီး စစ်ရှောင်များ၏တောင်ယာနှင့် လမ်း စသည်နေရာများတွင် ရှင်းလင်းခြင်းမရှိသေးကြောင်း သိရသည်။ ထိုနေရာများတွင် မသင်္ကာဖွယ်ရာများတွေ့ရှိပါက ကိုင်တွယ်ခြင်းမပြုဘဲ သက်ဆိုင်ရာကိုအကြောင်းကြားရန် ညွန်ကြားထားကြောင်း KBC ဖွံ့ဖြိုးရေးဌာနဘက်မှ သိရသည်။

တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ဒဘတ်ကျေးရွာအတွင်းရှိ လူနေအိမ် ၂၆၈ လုံး၊ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး ၁ ရုံး၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁ ခုနှင့် ကျေးရွာအဝင်အထွက်လမ်းများကို ရှင်းလင်းခဲ့ရာ တိုက်မိုင်းကိုယ်ထည် ၁၀ လုံး ဖော်ထုတ်ခဲ့သည်ဟု ဆိုသည်။

ကချင်စစ်ရှောင်များ နေရပ်ပြန်ရန် ကျေးရွာ ၁၇ ရွာအနက် ဦးစားပေးရွေးချယ်ထားသော ဒဘတ်ယန်ကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ မြန်မာ့တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှုး ဦးနိုင်ဝင်း ထံအပ်နှံပေးခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်အရ သိရသည်။

ဒဘတ်ကျေးရွာနေရပ်ပြန်ရေးအတွက် လူဦးရေ စီစစ်ခြင်းများကို လွန်ခဲ့သည့် လအနည်းငယ်မှစတင်လုပ်ဆောင်ခဲ့ကာ လက်ရှိတွင် ကျေးရွာအတွင်း နေအိမ်များ ရှင်လင်းနေပြီဖြစ်သည်။

စစ်ရှောင် ၁၀ နှစ်ခန့်ကြာပြီးနောက် ပထမအကြိမ် ကျေးရွာ၏ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ခရစ်စ္စမတ်ပွဲတော်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်ပြုလုပ်ခဲ့ကြသည်။

“ကိုယ့်ကျေးရွာတွင်ပြန်လာနိုင်မယ်ဆိုတော့ ပျော်တာပေါ့။ ဒါပေမဲ့ လုံခြုံရေးအတွက်တော့ ဘယ်သူမဆို စိုးရိမ်ရတာပေါ့။ ဘယ်တော့ဘယ်ချိန်ဘယ်လိုပြန်ဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိထားဘူး။ ကြောက်စိတ်နှင့် စိုးရိမ်မှုတွေတော့ရှိနေဆဲပေါ့။” ဟု အသက် ၇၀ ခန့်အရွယ်ရှိ ဒေါ်မရန်နန်ဘောက် က ပြောပြသည်။

ဒဘတ်ယန်ကျေးရွာတွင် ပြန်လည်နေထိုင်ရန်အတွက် စာရင်းပေးထားသော အိမ်ထောင်စု ၃၀၃ စုရှိကာ KHCC နှင့် အစိုးရ တို့က ဦးစီးဆောင်ရွက်နေကြောင်း သိရသည်။

ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC က ဂျပန် နိပွန်ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် ဒဘတ်ယန် အိမ်ထောင်စု ၂၀၀ ကျော်ကို တစ်အိမ်ထောင်လျှင် သိန်း ၃၀-၄၀ ကြား ကုန်ကျကာ ဆောက်လုပ်ပေးမည်ဖြစ်သည်ဟု KHCC ဘက်မှ သိရသည်။

အစိုးရ ဦးဆောင်သော ဒဘတ်ယန်အိမ်ထောင်စု ၃၀ ကျော်အတွက် နေရပ်ပြန်ရေးအစီစဉ်ကို တရုတ်နိုင်ငံက ကူညီသော ငွေကြေးကို အသုံးပြုမည်ဖြစ်ပြီး ဒဘတ်ယန် တစ်အိမ်ထောင်လျှင် မည်မျှ သုံးစွဲမည်ကို မသိရသေးပေ။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIO တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ရေးထိုးနိုင်ခြင်းမရှိသေးသောကြောင့် စစ်ရှောင်များအနေဖြင့်လည်း လုံခြုံစိတ်ချမှုများမရှိရသေးကြောင်းပြောဆိုနေကြသည်။

 

Show More

Related Articles

Back to top button