မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

WCS သတ်မှတ်ဧရိယာအတွင်း သစ်ခိုးထုတ်လုပ်မှုရပ်တန့်ပြီး ဒေသခံများကို လုပ်ကိုင်စားသောက်စေလိုကြောင်းတောင်းဆို

တနိုင်းမြို့နယ် လီဒိုလမ်းမပေါ် ရှင်လုံဂါးကျေးရွာရှိ ဘေးမဲ့တောစီမံကိန်း (WCS) သတ်မှတ်နယ်မြေတွင် သစ်ထုတ်လုပ်နေမှုများကို ရပ်တန့်စေပြီး ဒေသခံများကို လုပ်ကိုင်စားသောက်ခွင့် မြေနေရာပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်ခန့်က အကောင်ထည်ဖော်ခဲ့သော ဟူးကောင်းဒေသ ဘေးမဲ့တောစီမံကိန်း Wild life Conservation- WCS ကြောင့် ဒေသခံအများအပြား လုပ်ကိုင်စားသောက်မြေနေရာနှင့် စားကျက်မြေများပျောက်ဆုံးခဲ့ရသည်။

ထို့ကြောင့်ဒေသခံများလုပ်ကိုင်စားသောက်ရန် မြေနေရာများခွင့်ပြုပေးရန်နှင့် သစ်ထုတ်လုပ်နေသော လုပ်ငန်းရှင်များကို တားမြစ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

“လုပ်ငန်းရှင်တစ်ချို့ လက်လုပ်လက်စားတွေ သစ်ထုတ်ယူနေမှုတွေကို တွေ့လည်း မတွေ့ဟန်ဆောင်၊ မသိဟန်ဆောင်လုပ်လိုက်ကြပြီး သစ်တွေကိုက ကုန်းဘက်က မသယ်ယူနဲ့ ရေနှင့်မျောယူဖို့ လျို့ဝှက်နည်းနဲ့ ပြန်ပြောထားကြပြီး ခိုးထုတ်ယူနေမှုတွေ လုပ်နေကြတယ်။ ဒါကြောင့် ကျွန်တော်တို့က ဘယ်လောက်ထိ ကိုယ့်မြေယာတွေ ထိန်းသိမ်းတယ်ဆိုလည်း သူတို့ကိုယ်တိုင်က လုပ်နေတော့ ကျွန်တော်တို့ ဘယ်လိုမှ မတတ်နိုင်တော့တာ။ ဒါကြောင့် ကျွန်တော်တို့ ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်ခွင့် အခွင့်အလမ်းက တဖြည်းဖြည်းနဲ့ လျှော့နည်းလာတော့မယ်။” ဟု ရှင်လုံဂါးကျေးရွာဒေသခံတစ်ဦး က ပြောသည်။

ထိုသို့ ဘေးမဲ့တောသတ်မှတ်နေရာများတွင် နှစ်စဉ်နှစ်တိုင်း သစ်ထုတ်ယူနေမှုများရှိခဲ့ပြီး ယခုလက်ရှိ ရှင်လုံဂါးကျေးရွာအုပ်စုတွင် လုပ်ငန်းရှင်သုံးဦးက သစ်စက်သုံးခုဖြင့် သစ်ထုတ်လုပ်နေသည်ဟု သိရသည်။

ရှင်လုံဂါးကျေးရွာအုပ်စုအတွင်း သစ်ထုတ်ယူနေသည့်ကိစ္စများကို သိရှိသော်လည်း ကန့်ကွက်ရန် မသင့်တော်မှုများရှိနေကြောင်း ရှင်လုံဂါးကျေးရွာ အုပ်ချုပ်ရေးမှုးက ပြောသည်။

“ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော်ကနေမှ မလုပ်နဲ့ မလုပ်ရ ဆိုပြီး သွားပြောဖို့က မသင့်တော်ဘူးလို့ထင်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့ လုပ်ငန်းရှင်တွေနှင့် အစိုးရတွေက အမြဲတမ်းဒွန်တွဲနေပြီး လိုအပ်မှု အသေးအမွားကစ အချင်းချင်း အပြန်အလှန် ကူညီမှုတွေရှိနေကြတာကြောင့် ကျွန်တော့်အနေနဲ့ အုပ်ချူပ်ရေးမှူးတစ်ယောက်အနေနဲ့တော့ ကန့်ကွက်ဖို့က မသင့်တော်ဘူး” ဟု ရှင်လုံဂါးကျေးရွာ အုပ်ချူပ်ရေးမှူး က ပြောပါတယ်။

တနိုင်းမြို့နယ် သစ်တောဌာနကလည်း ထိုနေရာတွင် သစ်ထုတ်လုပ်ရန်ခွင့်ပြုထားခြင်း မရှိကြောင်း ကချင်သတင်းဌာန KNG ကို ပြောဆိုသည်။

“သစ်ထုတ်လုပ်မှုတွေက ကျွန်တော်တို့အနေနဲ့ တရားဝင်လုပ်ကိုင်ခွင့်တွေ မပေးထားဘူး။ ကျွန်တော်တို့သွားတိုင်းလည်း တားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မရောက်တဲ့ခါ ခိုးထုတ်ယူနေတာတို့တော့ ရှိကောင်းရှိနေလိမ့်မယ်။ တစ်ခါတစ်လေ သစ်ထုတ်လုပ်နေတာတွေ အပြင်မှာတွေ့တာတွေဆို ဖမ်းဆီး အရေးယူမှုတွေလုပ်ခဲ့တာတွေလည်း ရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့အနေနဲ့ တရားဝင်လုပ်ကိုင် ခွင့်မပေး ထားပါဘူး။” ဟု တနိုင်းမြို့နယ် သစ်တောဦးစီးမှူး ဦးမျိုးညိုက ပြောပါသည်။

ဒေသခံများလုပ်ကိုင်စားသောက်ခွင့်မရှိသော်လည်း လုပ်ငန်းရှင်များသစ်ထုတ်လုပ်ခွင့်ရှိနေသည့်ဖြစ်စဉ်များမှာ ရှင်လုံဂါးကျေးရွာအုပ်စု တစ်ခုတည်းပင် မဟုတ်ဘဲ ဟူးကောင်းချိုင့်ဝှမ်းဒေသ၏ နေရာအများအပြားတွင်လည်း ရှိနေကြောင်း သိရသည်။

ဟူးကောင်း WCS ဘောမဲ့တောစီမံကိန်းသည် လွန်ခဲ့သော စစ်အစိုးရလက်ထက် ဒေသခံများ၏ သဘောထားရယူမှုမရှိဘဲ စတင်ခဲ့သောစီမံကိန်းဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ၎င်း၏ ဘေးမဲ့တောသတ်မှတ်ဧရိယာအတွင်း မြေနေရာအချို့ကို ယုဇနကုမ္ပဏီအား စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် ပြန်လည်ခွင့်ပြုခဲ့သည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသတွင်ရှိနေသော ထိုစီမံကိန်များကြောင့် မြေယာဆုံးရှုံးနေရသော ဒေသခံများသည် လုပ်ကိုင်စားသောက်ခွင့်မြေနေရာနှင့် စားကျက်မြေများပြန်လည်ရရှိရန် NLD အစိုးရလက်ထက် နိုင်ငံတော်သမ္မတနှင့် အစိုးရအရာရှိများထံသို့ တောင်းဆိုခဲ့သော်လည်း ယနေ့ချိန်ထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button