သတင်း

ဆရာမ ၂ ဦးကို သတ်ဖြတ်ခဲ့သူများ လွှတ်မြောက်နေသည်မှာ ၆ နှစ်ပြည့်ပြီ

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) ကောင်းခါးကျေးရွာတွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသော ကချင်စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး၏အမှု ၆ နှစ်ကြာပြီဖြစ်သော်လည်း တရားမျှတမှုရရှိရန် တွေ့ဆုံဆွေးနွေးမှုနှင့် စစ်ဆေးမှုများပြုလုပ်ခြင်းမရှိပဲ ရပ်တန့်နေဆဲဖြစ်သည်။

အမှုနှင့်ပတ်သက်ပြီး KBC က ဖွဲ့စည်းထားသော အမှုမှန်ဖော်ထုတ်ရေးကော်မတီနှင့် ရဲတပ်ဖွဲ့သို့ ၂၀၁၆ ခုနှစ် မေလ ၁၈ ရက်နေ့ လားရှိုးခရိုင်ရဲတပ်ဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယနေ့ ၆ နှစ်ပြည့်သည့်ကာလထိ ရှေ့ဆက် မတိုးနိုင်းပဲ ရှိနေသည်။

ဆရာမ ၂ ဦးသတ်ဖြတ်ခံရစဉ်က ထိုကျေးရွာတွင်ရှိနေသာ မြန်မာ့တပ်မတော် ခမရ ၅၀၃ စစ်ကြောင်းမှူးအပါအဝင်၊ တပ်သားများနှင့် ကားဆရာ ၃ ဦးကို KBC ဘက်က ကြားခံမပါဘဲ တိုက်ရိုက်တွေ့ဆုံမေးမြန်းရန် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံရသဖြင့် အမှုမှန်ပေါ်ပေါက်ရေးမှာ ရပ်တန့်နေခြင်းဖြစ်သည်ဟု သိရသည်။

သို့သော်လည်း တရားမျှတမှုရရှိသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၁ ဇန်နဝါရီ ၁၉ ရက်နေ့ မြစ်ကြီးနား ဂျော်ဘွမ်တွင် ပြုလုပ်သော (၆) နှစ်ပြည့်အထိမ်းအမှတ် ဆုတောင်းပွဲတွင် KBC ဥက္ကဌ သိက္ခာတော်ရ ဆရာခလမ်ဆမ်ဆွန်က ပြောသည်။

“ကျွန်တော်တို့ နောက်ဆုံးအခြေအနေတော့ ခုဒီ အမှုမှန်ဖော်ထုတ်ရေးကော်မတီမှာ လူတွေ ပြန်လဲပြီးမှ ဆက်လက်ပြီးဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီကိစ္စက သူ့အလိုလိုဖြစ်လာတာမဟုတ်ဘူး။ ဖန်တီးတဲ့သူရှိလို့ ဖြစ်လာတာဖြစ်တဲ့အတွက် ဒါကတော့ ကျွန်တော်တို့ အဖြေမှန်ရဖို့အတွက် ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်။” ဟု ပြောသည်။

သတ်ဖြတ်ခံရသော ဆရာမ မရန်လုရာနှင့် တန်ဘောင်ခေါန်နန်စင်တို့ ၂ ဦး၏အမှုကို တရားမျှတမှု အမြန်ရရှိအောင် ဆောင်ရွက်ပေးရန် သူတို့ ၂ ဦး၏ မိသားစုဝင်များကလည်း တောင်းဆိုနေကြပါသည်။

“ညီမ နှစ်ယောက် အသက်ဆုံးရှုံးလိုက်ရတာက အများရှေ့မှာ ရှက်စဖွယ်၊ ပုံတွေတွေ့ရင်လည်း ရှက်ရတာက တစ်ခု ကြောက်ရတာက တစ်ခု အရမ်းခံစားရတယ်။ ခံစားချက်တွေက ပြောမပြတတ်အောင်ဘဲ။ တရားမျှတမှုမရနေတဲ့အပေါ် ကျွန်မတို့လည်း ယူကျူံးမရခံစားရတယ်။ ဒါကြောင့် ခုလုပ်တဲ့သူတွေက လွတ်မြောက်နေပြီး ကျွန်မတို့က သေသွားခဲ့တာ ၆ နှစ်တောင်ပြည့်လာရင်လည်း စစ်မှန်တဲ့အဖြေက မရသေးတဲ့အပေါ် ကျွန်မတို့အရမ်းခံစားရတယ်။ ဒါကြောင့် တရားမျှတမှုရရှိဖို့လည်း ပူးပေါင်းလုပ်ဆောင်ပေးပါ။ အစိုးရအနေနဲ့လည်း မိမိနေအိမ်မှာတင် လုံခြုံမှုမရှိနေတဲ့အပေါ် အမျိုးသမီးတွေရဲ့ အဓ္ဓမပြုကျင့်ခံရပြီး သတ်ဖြတ်ခြင်းခံနေရတဲ့အပေါ် အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံမှုကာကွယ်ပေးစေလိုတယ်။” ဟု ဆရာမ မရန်လုရာ၏ အစ်မဖြစ်သူ ဒေါ်ဆန်လုံ က ပြောသည်။

အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် ကချင်ဆရာမ နှစ်ဦး၏ အမှုမှန်ဖော်ထုတ်ပေးရန် (၆) နှစ်ပြည့်အထိမ်းအမှတ် ဆုတောင်းပွဲအစီအစဉ်ကို ကချင်ပြည်နယ် မြစ်ကြီးနား ဂျော်ဘွမ်နှင့် မနောကွင်းတွင် ပြုလုပ်ခဲ့ကြသည်။

ကချင်အရပ်ဖက်အမျိုးသမီးအဖွဲ့များဦးဆောင်ပြုလုပ်သော မနောကွင်းအစီစဉ်တွင်လည်း ဆရာမ ၂ ဦး၏အသတ်ခံရမှုကို တရားမျှတမှုအမြန်ရရှိအောင် အစိုးရက ဆောင်ရွက်ပေးရမည်ဟု တောင်းဆိုထားသည်။

“အမှုမှန်ပေါ်ပေါက်ရေး တရားမျှတမှု ရရှိရေးဆိုပြီးတော့လုပ်ဆောင်တဲ့ KBC မှာ ကော်မတီဖွဲ့ထားတယ်။ အဲ့ဒီကော်မတီတွေအနေနဲ့ ဆက်ပြီးလုပ်ဆောင်မှုတွေမရှိဘဲ ရပ်တန့်နေတာကို ကြားသိရတဲ့ခါကျ ကော်မတီမှာလည်း ရှေ့နေကြီးတွေ အများကြီးပါဝင်တယ်ဆိုတော့ အဲ့ဒီကော်မတီကလည်း ဆက်လက်ပြီးတော့မှ အမှုမှန်ပေါ်အောင် လုပ်ဆောင်ပေးဖို့ရန်အတွက် တိုက်တွန်းတောင်းဆိုချင်ပါတယ်။” ထွယ်ဂျန်ဒါဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဒေါ်နန်ပူ က ပြောသည်။

ဆရာမ ၂ ဦးအသတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး လေ့လာဆန်းစစ်ချက်အစီရင်ခံစာထွက်ရှိထားသော Kachin Women’s Association Thailand (KWAT) ကလည်း ယခုနှစ်တွင်ထပ်မံပြီး တပ်မတော်နှင့် အစိုးရကို ထောက်ပြသည့်ထုတ်ပြန်ချက်တစ်ခု ထုတ်ထားသည်။

“တပ်မတော်အာဏာပိုင်များက တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုမှန်သမျှကို တားဆီးပိတ်ပင်ခဲ့သည့်အပြင် ဒေသခံ လူငယ် နှစ်ဦးပေါ်သို့ အပြစ်ပုံချရန် ကြိုးစားခဲ့ကြသည်။ ကာကွယ်ရေးစစ်ဦးစီးချုပ် မင်းအောင်လှိုင်ကိုယ်တိုင်က ယင်းအခင်းဖြစ်ပွားမှု၌ တပ်မတော်ပါဝင်ပတ်သက်ကြောင်း စွပ်စွဲပြောဆိုသူ မှန်သမျှကို မြန်မာပြည်၏ ၂၀၀၈ ဖွဲ့စည်းပုံခြေခံဥပဒေအရ ၎င်းအားအပ်နှင်းထားသော အလုံးစုံသောအာဏာကို ကျင့်သုံးကာ တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။” ဟု KWAT က ပြောဆိုထားသည်။

ထို့အပြင် နိုင်ငံတစ်ဝန်း တပ်မတော်၏ ထိုးစစ်ဆင်နေမှုများကို နိဂုံးချူပ်စေရန်နှင့် စစ်ကြောင်းများ ရုပ်သိမ်းပေးရန် စသဖြင့် KWAT က တောင်းဆိုထားသည်ကို တွေ့ရသည်။

ကချင်ဝေးလံခေါင်ဖျားသောဒေသ အစိုးရလက်လှမ်းမမှီသောနေရာများတွင် ပညာရေးစေတနာ့ဝန်ထမ်းအဖြစ် KBC က စေလွှတ်ထားသော ဆရာမ မရန်လုရာ (၂၀ နှစ်) နှင့် ဆရာမ တန်ဘောင် ခေါန်နန်စင် (၂၁ နှစ်)တို့ ၂ ဦးသည် ၂၀၁၅ ဇန်နဝါရီလ ၁၉ ရက်နေ့ ၎င်းတို့ ၂ ဦး၏ နေအိမ်၌ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် သံသယဖြစ်ခံရသော တပ်မတော်စစ်ကြောင်းမှူးနှင့် တပ်မတော်သားများကို တိုက်ရိုက်စစ်ဆေးရန် KBC အမှုမှန်ပေါ်ပေါက်ရေးကော်မတီဘက်က တောင်းဆိုထားသည့်အတိုင်း မဖြစ်လာသည့်အတွက် အမှုမှန်ပေါ်ပေါက်ရေးလုပ်ဆောင်နေမှုသည် ရပ်တန့်နေခဲ့သည်။

ထိုသို့ ရပ်တန့်နေသည့်အတူ ဆရာမ ၂ ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူများ လွှတ်မြောက်နေသည်မှာလည်း ၆ နှစ်ပြည့်ပြီဖြစ်သည်။

Show More

Related Articles

Back to top button