သတင်း

ဧရာဝတီ မြစ်ကူးတံတားအသစ်ကို ၃ နှစ်အတွင်း အပြီးတည်ဆောက်ရန် စီစဉ်နေ

ကချင်ပြည်နယ် အရှေ့ဘက်နှင့် အနောက်ဘက်ကိုဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတားအသစ်တစ်ခုကို မြစ်ကြီးနား လက်ရှိ ဗလမင်းထင်တံတားဘေးတွင် ဆောက်လုပ်မည်ဖြစ်ပြီး ပြီးစီးရန် (၃)နှစ်အထိကြာမြင့်နိုင်ကြောင်း ကချင်ပြည်နယ်လမ်းတံတားအဖွဲ့ရုံးမှ သိရသည်။

အဆိုပါတံတားကို ပြည်ထောင်စုဘတ်ဂျတ်ငွေ ငွေလုံးငွေရင်း ရံပုံငွေ (၁)ဘီလီယံသုံးစွဲကာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်လမ်းတံတားအထူးဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှ က ဆိုသည်။

“ကျနော်တို့ ဒီတံတားတည်ကို ခုချိန်မှာတော့မြေစမ်းသပ်ခြင်းများ၊ လမ်းပုံထုတ်တိုင်းတာခြင်းများ၊ တံတားပုံထုတ်တိုင်းတာခြင်းများ ဆောင်ရွက်ပြီးစီးချင်းသလောက်ရှိနေပါပြီ။ မြေယာကိစ္စနဲ့ပတ်သက်ပြီးတော့ မြေနေရာသိမ်းဆည်းရေးအတွက်လည်း ပြည်နယ်အစိုးရကနေ ဖွဲ့စည်းပေးထားတဲ့ မြေယာကော်မတီနှင့်ညှိနိူင်းပြီးတော့ မြေယာကိစ္စရှင်းလင်းဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်လျှက်ရှိပါတယ်။” ဟု ကချင်ပြည်နယ် လမ်းတံတားအထူးတပ်ဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှက ပြောသည်။

ဒုတိယမြောက် ဆောက်လုပ်မည့် ဧရာဝတီမြစ်ကူးတံတားသည် ဗလမင်းထင်တံတား၏ အောက်ဘက်မီတာ (၄၀)အကွာတွင် တည်ဆောက်မည်ဖြစ်ပြီး တံတား၏အခန်းဖွဲ့စည်းပုံမှာ လက်ရှိတံတားနည်းတူ ဆောက်လုပ်သွားမည်ဖြစ်သည်။

တံတားခံနိုင်ဝန်မှာ တန် (၆၀) ဖြစ်ပြီး တံတားသစ်တည်ဆောက်ပြီးလျှင် လက်ရှိတံတားနှင့်အသွားတစ်လမ်း အပြန်တစ်လမ်း အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ဗလမင်းထင်တံတားသည် ၁၉၉၅ ခုနှစ်မှစတင် ဆောက်လုပ်ခဲ့ပြီး ၁၉၉၈ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ တံတားသက်တမ်း နှစ်(၂၀)ကျော် ကြာလာသောကြောင့် ခိုင်ခံမှုအားနည်းလာသဖြင့် တံတားအသစ်ထပ်မံ ဆောက်လုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

တံတားတည်ဆောက်ရန် လျာထားသည့်နေရာတွင် မြစ်ကြီးနားဘက်မှ ဒေသခံပြည်သူများ၏ နေအိမ် (၃)အိမ်ပါဝင်နေသည့်အတွက် လက်ရှိတွင် ယင်းနေအိမ်(၃)အိမ်အတွက် နစ်နာမရှိစေရန် လျော်ကြေးပေးရန် စီစဉ်နေကြောင်းလည်း မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

“တံတားဆောက်မယ့် မြေနေရာမှာမြေနေရာမလွှတ်တာ အဲမြေနေရာမှာပါသွားတဲ့ အိမ်လေး(၃)လေး သုံးလုံးရှိပါတယ်။ အဲဒါကို လျှော်ကြေးပေးဖို့ တွက်ချက်ခိုင်းနေပါတယ်။ တွက်ချက်ရေးအဖွဲ့ဖွဲ့ပြီး တွက်ချက်ပေးနေပါတယ်။ တွက်ချက်ပြီးရင်တော့ ဘယ်အိမ်ကို ဘယ်လောက်လျှော်မယ်ဆိုတာကို အစိုးရကိုတင်ပြရမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

အသစ်တည်ဆောက်မည့် တံတားဆောက်လုပ်ပြီးစီးပြီးနောက် လက်ရှိဗလမင်းထင်တံတားကိုလည်း ပြန်လည်ပြင်ဆင်ခြင်းများ လုပ်ဆောင်သွားမည်ဟု သိရသည်။

Show More

Related Articles

Back to top button