သတင်း

ပြီးခဲ့သည့်အစိုးရသက်တမ်းအတွင်း မြေယာပြဿနာများ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဟု တိုင်းရင်းသားလယ်သမားများပြော

ပြီးခဲ့သည့် (၅)နှစ်အတွင်း NLD အစိုးရက ကချင်ပြည်နယ်တွင်းရှိ မြေယာပြသာနာများကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်းမရှိခဲ့ကြောင်း ဖက်ဒရယ်တိုင်းရင်းသားလယ်သမားများကွန်ယက် မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ပြည်နယ်အတွင်း မြေယာပြဿနာများကိုဖြေရှင်းရန်ခက်ခဲနေခြင်းမှာ လက်ရှိပြင်ဆင်ရေးဆွဲနေသော ဗဟိုချုပ်ကိုင်မှုများသည့် မြေယာဥပဒေကြောင့်ဖြစ်ပြီး ၎င်းမှာမြေပြင်တွင် ကွဲလွဲမူများစွာရှိနေသည်ဟု ဖက်ဒရယ်တိုင်းရင်းသား လယ်သမားများကွန်ယက် မှ ဦးလရှီးအောင်လတ် က ပြောသည်။

“ဟူးကောင်းနဲ့မြစ်ဆုံက အဆိုးဆုံးဖြစ်နေတယ်။ ၂၀၀၇ ခုနှစ်ကတည်းကနေ ဒီနေ့ထိဆို ၁၄နှစ်လောက်တောင်ရှိနေပြီ။ အစကတည်းက ပဌိပက္ခဖြစ်တာ အစိုးရသိတယ်။ လူထုတောင်းဆိုမူတွေလည်းသိတယ်။ ပြသာနာဖြစ်တယ်ဆိုတာလည်းသိတယ်။ ဒါပေမယ့် ဒီနေ့ထိ ဖြေရှင်းမပေးနိုင်ဘူး။ အဲကြောင့်မို့ လူ့အခွင့်အရေးအနေနဲ့ကြည့်မလား၊ တိုင်းရင်းသားအခွင့်အရေးကြည့်မလား၊ တောင်သူအခွင့်ရေး အပြည့်အဝ မခံစားရဘူး။ ဘာဖြစ်လို့လဲဆိုရင် ပိုင်ဆိုင်မှုမဲ့ဖြစ်နေတယ်။ ဂရမ်တွေမရဘူး ပုံစံ(၇)တွေမရဘူး။ တစ်ဖက်ကကြည့်မယ်ဆိုရင် အကျဉ်းကျနေသလိုဖြစ်နေတယ်။ ကျနော်တို့မြို့နယ်တွေကို တင်ပြထားလည်း ဘာမှပြောင်းလဲလာတာမရှိဘူး။” ဟု ဖက်ဒရယ်တိုင်းရင်းသားလယ်သမားကွန်ယက်အဖွဲ့မှ တာဝန်ခံ ဦးလရှီးအောင်လတ် ပြောသည်။

ကချင်ပြည်နယ်အတွင်း မြို့နယ် (၁၈)မြို့နယ်ရှိသည့်အနက် ဖားကန့်မြို့နယ် နှင့် မြစ်ကြီးနားမြို့နယ်ရှိ ဆယ်စုနှစ်တစ်ခုကြာ မြေယာပြဿနာများမှာ လက်ရှိချိန်ထိ ဖြေရှင်းနိုင်ခြင်းမရှိကြောင်း ဦးလရှီးအောင်လတ် က ဆက်လက်ပြောဆိုသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ စတုရန်းမိုင် ၂၈၉၇၀ အား ၂၀၀၁ ခုနှစ်မှစကာ အစိုးရမှ ကျားထိန်းသိမ်းရေးဘေးမဲ့ဇုံအဖြစ် သတ်မှတ်ပေးလိုက်ကာ ၂၀၀၆ခုနှစ်တွင် ယုဇနကုမ္မဏီအား စိုက်ပျိုးဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပေးလိုက်သည့်အတွက် ဒေသခံများ လုပ်ကိုင်စားသောက်ရန် အခက်ခဲများစွာရှိခဲ့ကြောင်းလည်း သိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသအပြင် ကချင်ပြည်နယ်တွင်း မြေယာပြသာနာများရင်ဆိုင်နေရသည့် မြို့နယ်များစွာလည်း ရှိနေကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိလုပ်ဆောင်နေသော အမျိုးသားမြေယာဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များအား ရပ်ဆိုင်းထားရန်အတွက် အစိုးရသစ်ကို တောင်းဆိုကြောင်း ဖက်ဒရယ်တိုင်းရင်းသားလယ်သမားကွန်ယက်နှင့် တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ်(မြန်မာနိုင်ငံ)မှ ဇန်နဝါရီ ၂၇ ရက်နေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။

“အဓိကအကြောင်းရင်းကတော့ ကျနော်တို့တည်ဆောက်နေတဲ့ ဖက်ဒရယ်စနစ်နဲ့ ကွဲလွဲပြီး ဗဟိုစီမံခန့်ခွဲမူကို ပိုမိုတွန်းအားပေးနေတဲ့ လယ်ယာမြေ၊ အမျိုးသားမြေအသုံးချမူဥပဒေဖြစ်နေတဲ့အတွက် ကျနော်တို့ ဒါကိုကန့်ကွက်ရခြင်းဖြစ်တယ်။ ကျနော်တို့ရည်ရွယ်ချက်က မြေပြင်အခြေနေနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်မူဝါဒနဲ့ကိုက်ညီတဲ့ စနစ်၊ကျင့်ထုံး၊ ဥပဒေပေါ်ပေါက်ဖို့ ပိုမိုတွန်းအားပေးစေချင်တဲ့အတွက်ကြောင့် ဥပဒေပြန်လည်ပြင်ဆင်မယ့်လုပ်ငန်းစဉ်ကို ကန့်ကွက်ရခြင်းဖြစ်တယ်။” ဟု ဦးလရှီးအောင်လတ်က ပြောဆိုခဲ့သည်။

ကချင်ပြည်နယ်တွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းဥပဒေကို အသုံးပြုကာ တောင်သူများပိုင်ဆိုင်ထားသော မြေယာများကို လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးခြင်း၊ တောင်သူများနှင့်လုပ်ငန်းရှင်များအကြား မြေယာပြဿနာ ပိုမိုများပြားလာခြင်း၊ အပြစ်ပေး အရေးယူမူများစွာရှိလာခြင်းများ၊ တောင်သူများ၏ ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်သောမြေယာများသည် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပေဒအရ ကင်းလွှတ်ခွင့်ရ မနေခြင်း အစရှိသည့်ပြသာနာများစွာပေါ်ပေါက်နေကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် ကချင်ပြည်နယ် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ (Sub National Coordination Unit) ၏ ဒုတိယအကြိမ် Online လူထုအမြင်ဖွင့် ပညာပေးအစီအစဉ်တွင် Metta Development Foundation အရပ်ဘက်အဖွဲ့အစည်းမှလည်း ထောက်ပြပြောဆိုမူများ ရှိခဲ့သည်။

မြေလွတ်၊ မြေလပ် မြေရိုင်း ဥပဒေကို ၂၀၁၂ ခုနှစ်တွင် စတင်ပြဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် ၂၀၁၈ စက်တင်ဘာလ ၁၁ ရက်နေ့ ထပ်မံပြန်လည်ပြင်ဆင်ခဲ့သည်။ အဆိုပါ ၂၀၁၈ ခုနှစ်ပြန်လည်ပြင်ဆင်ပြဌာန်းသော ဥပဒေသည် ဒေသခံများ၏ မူလမြေပိုင်ဆိုင်မူအား ခြိမ်းခြောက်စေကြောင်း ကန့်ကွက်မူလည်း များစွာရှိခဲ့သည်။

Show More

Related Articles

Back to top button