သတင်း

CRPH နှင့် ဆွေးနွေးရန် ကချင်အမျိုးသားနိုင်ငံရေးညှိနှိုင်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းထား

လက်ရှိနိုင်ငံရေးကြားကာလအခြေအနေတွင် ကချင်အမျိုးသားများကိုယ်စားနိုင်ငံရေးကို ကိုယ်စားညှိနှိုင်းဆောင်ရွက်ရန် Kachin Political Interim Coordination Team ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် မတ်လဆန်းတွင် ကချင်နှင့် ရှမ်းမြောက်ဒေသနှင့် ပြည်ပရောက်ကချင်အဖွဲ့အစည်းတချို့ပါဝင်ကာ အစည်းဝေးပြုလုပ်ခဲ့ပြီးနောက် ယခုလိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ KPICT အဖွဲ့သည် လက်ရှိအာဏာသိမ်းသည့် ကြားကာလအခြေအနေတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဖြင့် ဆွေးနွေးကာ ဖက်ဒရယ်ဒီမိုကရေစီရရှိအောင်စီစဉ်ထားသည်ဟု အဖွဲ့၏ လက်ရှိပြောရေးဆိုခွင့်ရှိသူ ဦးအင်ဆန်ဂွမ်ဆန်က ပြောသည်။

“CRPH နဲ့ အလုပ်အတူ အလုပ်လုပ်ဖို့ထက် ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးကို CRPH နဲ့ ဘယ်လောက် ဆွေးနွေးသွားနိုင်မလဲဆိုတာ ဖြစ်တယ်။” ဟု ပြောသည်။

KPICT အဖွဲ့နှင့်ပတ်သက်ပြီး ဆက်သွယ်ရန်တာဝန်ရှိသူတစ်ဦးကိုသာ လက်ရှိအခြေအနေတွင် ဖော်ပြထားသော်လည်း အချိန်ကာလတစ်ခုရောက်လာသောအခါ အပြည့်အစုံတင်ပြသွားမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင် ယခင်က နိုင်ငံရေးစနစ်များရပ်နားပြီဖြစ်ကြောင်းနှင့် နိုင်ငံရေးစနစ်အသစ်ကို ပြန်စရန် အချိန်ဖြစ်သည်ဟုလည်း သူက ဆိုသည်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို မင်းအောင်လှိုင်ဆိုတဲ့ စစ်ဗိုလ်က အာဏာသိမ်းလိုက်ပြီဖြစ်တဲ့အတွက် မြန်မပြည်အတွင်း တရားဝင်မှုအားလုံးက ပျက်စီးသွားပါပြီ။ အခုတော့ အာဏာရှင်စနစ်နှင့် နိုင်ငံတော်ရဲ့ တရားမျှတမှုဆိုတာ ကျည်ဆံ သေနတ်အပေါ်မှာ မူတည်သွားပြီ။ သူမကြိုက်တဲ့သူတွေကို သတ်မယ်၊ သူကြိုက်တဲ့သူကို ခေါ်မယ်။ ဆို​တော့ ပြည်ထောင်စုရဲ့ နိုင်ငံရေးစနစ် အဟောင်းအားလုံး ရပ်ပါပြီ။ နိုင်ငံရေးစနစ်အသစ်ပြန်စဖို့ ဖြစ်တယ်။”

KPICT ကို ဖွဲ့စည်းရန် ပြည်တွင်းပြည်ပ ကချင်အဖွဲ့အစည်းများ အစည်းအဝေးပြုလုပ်ခဲ့သည်ဆိုသော်လည်း မည်သည့်ပုံစံဖြင့် ပြုလုပ်ခဲ့သည်ဆိုသည့်အကြောင်းကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

လက်ရှိ ကချင်ပြည်နယ်အနှံတွင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် လူထုဆန္ဒဖော်ထုတ်မှုများသည် ပုံစံ မျိုးစုံဖြင့် ပုံမှန်ရှိနေဆဲဖြစ်သည်။

အလားတူ အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း ဝင်ရောက်တိုက်ခိုက်မှုများ ရှိလာနေသည်ကို တွေ့ရသည်။

ယခုလို စစ်ရေးအခြေအနေ တင်းမာလာသောကြောင့် နေရပ်ပြန်နှင့်ပြီဖြစ်သော စစ်ပြေးဒုက္ခသည်များကလည်း ၎င်းတို့ မူရင်း စစ်ရှောင်စခန်းသို့ ပြန်လည် ထွက်ပြေးလာကြသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button