သတင်း

ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အာဏာသိမ်းစစ်တပ်ကို KIA က တိုက်ခိုက်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာချုပ်နှင့် နီးကပ်သော ဒေါ့ဖုန်းယန်မြို့နယ်ရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ညနေ ၅ နာရီခွဲခန့်မှစတင်ပြီး တိုက်ခိုက်နေကြောင်း သိရသည်။

သေနတ်သံအချို့ကို KIO/KIA ဗဟိုဌာနချုပ်မှပင် ကြားနေရကြောင်း လိုင်ဇာဒေသခံများထံမှ သိရသည်။

စစ်ရှောင်များ ပြန်လည်နေထိုင်သော မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ လွယ်မောက်ယန် ၊ နွမ်းလန်ယန် စသည့်ကျေးရွာများမှလည်း သေနတ်သံကို ရှင်းလင်းစွာ ကြားနေရကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောသည်။

“အကြာကြီး စစ်ဖြစ်လို့ထားခဲ့ပြီးမှ အခုပြန်လာနေထိုင်တော့ အခုတစ်ခါသေနတ်သံတွေ ကြားနေရလို့ ဘယ်လို လုပ်ရမလဲ စိုးရိမ်နေကြတယ်။” ဟု ပစ်ခတ်သံ ကြားနေရသည့် ဒေသခံ တစ်ဦး က ပြောသည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသောနေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ အောက် အလောဘွမ်၊ ဂျော်မော် စသည့်နေရာများတွင် ဖြစ်ကြောင်းလည်း သိရသည်။

ထိုနေရာများတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်ကို KIA က ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း KIA သတင်းတစ်ချို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယခုလ ၁၁ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခု ဌာနချုပ်နှင့် နီးကပ်သော တပ်မဟာ ၅ နယ်မြေရှိ အာဏာသိမ်းစစ်တပ်ကိုလည်း ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button