တိုက်ပွဲသတင်း

မေလ ၆ ရက် တစ်ရက်တည်း အာဏာသိမ်းစစ်တပ်အင်အား ရာဂဏန်း ထိခိုက်သေဆုံးမှုရှိခဲ့

ကချင်ပြည်နယ်တွင် မေလ ၆ ရက်နေ့ တစ်ရက်တည်း အာဏာသိမ်းစစ်တပ်အင်အား ရာဂဏန်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်တွင် လေယာဉ်ဖြင့် အချင်းချင်းမှားယွင်းပစ်ခတ်မှု၊ မိုးညှင်းတောင်နီတွင် စစ်ကား ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် ရွှေကူ သင်္ဘော ၂ စီး ပစ်ခတ်ခံရမှုစသည့် နေရာများမှ စုစုပေါင်း အာဏာသိမ်းစစ်သား ၂၀၀ နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

“မိုးမောက်ဘက် စစ်သား ၈၀ လောက် ထိခိုက်လို့ ဗန်းမော်မှာ ဆေးကုသနေတယ်လို့ ကြားရတယ်။ ဘယ်လောက်သေတယ်ဆိုတာက တရားဝင်အတိအကျမသိဘူး။ မိုးညှင်း တောင်နီမှာ စစ်ကားကို ရီမုတ်နဲ့ ၂ ကြိမ်ဗုံးခွဲတယ်။ အဲမှာသူတို့ တော်တော် ထိခိုက်သွားတယ်။” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

လေယာဉ်ဖြင့်အချင်းချင်းမှားယွင်းပစ်ခတ်မှုတွင် အယောက် ၂၀ ကျော်သေဆုံးပြီး ၈၀ ကျော်ဒဏ်ရာ ရရှိကာ ၊ စစ်ယာဉ်တန်း ရီမုတ်ဗုံးခွဲခံရမှုနှင့် သင်္ဘောပစ်ခတ်ခံရမှု တို့တွင်လည်း ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သည်။

မေလ ၇ ရက်နေ့ ယနေ့တွင်လည်း အာဏာသိမ်းစစ်တပ်သည် စစ်လေယာဉ် ၄ စီးဖြင့် အလောဘွမ်နှင့် မြို့သစ်၊ ကုန်းလောဘက်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်နေပြီး မြေပြင်စစ်အင်အားဖြင့်လည်း တိုးလာနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Show More

Related Articles

Back to top button