တိုက်ပွဲသတင်း

ဗန်းမော်တွင် စစ်တပ် အင်အားအများအပြားပို့ဆောင်နေသဖြင့် တိုက်ပွဲတဖန်ပြင်းထန်လာနိုင်ဟု KIO သုံးသပ်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အာဏာသိမ်းစစ်တပ်က သင်္ဘော၊ လေယာဉ် စသည့်လမ်းကြောင်းများဖြင့် စစ်အင်အားအများအပြား တိုးချဲ့ပို့ဆောင်နေသောကြောင့် တိုက်ပွဲ တဖန် ပြင်းထန်လာနိုင်ကြောင်း KIO ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

မံစီမြို့နယ် KIA တပ်မဟာ ၃ တပ်ရင်း ၂၇ နယ်မြေ တွင် တိုက်ပွဲပြင်းထန်ခဲ့ရာမှ ၃ ရက်ခန့် ငြိမ်သက်နေပြီး တပ်မဟာ ၅ တပ်ရင်း ၂၅ နယ်မြေဖြစ်သော အလော့ဘွမ်တောင်ခြေဘက်တွင်တည်း တိုက်ပွဲငြိမ်သက်နေသည်မှာ ၁ ပတ်ခန့်ရှိလာပြီဖြစ်သည်။

“စစ်ကောင်စီက ဗန်းမော်ဘက်ကို စစ်အင်အားတွေ ထပ်ဖြည့်နေဆဲဖြစ်တယ်။ မနေ့ကလည်း ရဟတ်ယာဉ်နှစ်စီးနှင့် ဗန်းမော်မှာ သူတို့ရဲ့ စစ်အင်အားတွေ ချခဲ့တယ်ကြားတယ်။ ရေယာဉ်နဲ့ကော ဘာတွေတင်ထားလည်းတော့မသိဘူး။ အရမ်းတက်လာကြတယ်ကြားတယ်။ အဲ့တာတွေကို ကြည့်ရင်းနှင့် ကျတော်တို့ ဒီဘက်ကို တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနိုင်ခြေရှိတယ်။” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မေလ ၁၅ ရက်နေ့ညတွင်လည်း KIA တပ်ရင်း ၂၇ မဒန်ယန်ကျေးရွာအနီးတစ်ဝိုက်တွင်လည်း အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။

ဗန်းမော်-လိုင်ဇာ ကားလမ်းမအရှေ့ဘက်ရှိ မိုးမောက်မြို့နယ် အလော့ဘွမ်ကို သိမ်းပိုက်နိုင်ရန် အာဏာသိမ်းစစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ မေလ ၁၁ ရက်နေ့မှ စတင်ပြီး တိုက်ပွဲသည် မံစီမြို့နယ်သို့ ပြန်ပြောင်းသွားခဲ့သည်။

မံစီမြို့နယ်တွင်လည်း တိုက်ပွဲ ငြိမ်သက်နေသည်မှာ ၃ ရက်ခန့်ရှိလာနေသော်လည်း စစ်ကောင်စီက ကုန်း၊ ရေ၊ လေ ဖြင့် စစ်အင်အားအများအပြား ဗန်းမော်သို့ တိုးချဲ့လာသောကြောင့် တိုက်ပွဲကြီး ဖြစ်လာနိုင်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ရှမ်းမြောက် ကွတ်ခိုင်မြို့အနီးတွင် အာဏာသိမ်းစစ်တပ် ဆီဘောက်ဆာကားကို KIA က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Show More

Related Articles

Back to top button