လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ရွှေကူ မြို့တွင်းဖြတ်လာသည့် စစ်ယာဉ်တန်းကို ဓါတ်ပုံရိုက်သော ပြည်သူ ၂ ဦး ဖမ်းဆီးခံရ

ရွှေကူမြို့ သင်္ဘောဆိပ်ကမ်းမှ စစ်အင်အားအပြည့်ဖြင့် မြို့တွင်းဖြတ်လာသည့် စစ်ယာဉ်တန်းကို ဓါတ်ပုံရိုက်လိုက်သော ပြည်သူ ၂ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးရိုက်နက်ခေါ်ဆောင်သွားသည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။

မေလ ၁၈ရက် ယနေ့မနက် ဗန်းမော်မြို့မှ ရွေကူသို့ဆင်းလာသော ပင်လုံသင်္ဘောတစ်စီးသည် ရွှေကူသင်္ဘောဆိပ်ကမ်းတွင်ဆိုက်ရောက်လာခဲ့ပြီး ထိုအထဲမှ စစ်အင်အား အယောက်၁၀၀ကျော်ခန့်ကို စစ်ကား ၇စီးဖြင့် လာကြိုခဲ့သည်။

ထိုယာဉ်တန်းသည် ရွှေကူမြို့တွင်းဖြတ်လာချိန် လဖက်ရည်ဆိုင်အတွင်းမှ ဓါတ်ပုံရိုက်လိုက်သည့် သူ ၂ ဦးကို စစ်ကားပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“သူက လဖက်ရည်ဆိုင်ကနေ ဓါတ်ပုံလိုက်ရိုက်တယ်။ စစ်သားတွေက တွေ့သွားတော့ ဓါတ်ပုံရိုက်တယ်ဆိုပြီး စစ်ကားပေါ်ကို ရိုက်နက်ပြီးခေါ်တင်သွားတယ်။ ဖမ်းဆီးခံရတဲ့သူနဲ့ မိန်းကလေးတစ်ယောက် ပါသွားတယ်”ဟု ပြောဆိုသည်။

ယနေ့ နံနက် ရွှေကူသင်္ဘောဆိပ်ကမ်းသို့ ပြန်လည်ဆိုက်လာသည့် ပင်လုံသင်္ဘောမှာ စစ်အင်အားနှင့် ရိက္ခာသယ်လာပြီး ယခုအပတ်အတွင်းမှာဘဲ ဧရာဝတီ ဒုတိယမြစ်ကျဉ်းတွင် တတိယအကြိမ်ပစ်ခတ်ခံရသည့် သင်္ဘောဖြစ်ကြောင်း သိရသည်။

သင်္ဘောတွင်ပါလာသည့် စစ်အင်အား ၁၀၀ကျော်ခန့်မှာ တပ်မ (၈၈) နှင့် ရွှေကူမြို့စောင့်တပ် တို့ဖြစ်ကြပြီး အလောဘွမ့်တောင်ဘက်မှပြန်လည်ခေါက်လာသည့် စစ်သားများဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုနေသည်။

Show More

Related Articles

Back to top button