လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၅ လုံး မီးလောင်

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့သစ် ကုန်းလော ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပြီး ဒေသခံ ၂ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

မေလ ၂၁ ရက်နေ့ ည ၇နာရီဝန်းကျင်အချိန်တွင် အာဏာသိမ်းစစ်တပ်က ရည်ရွယ်ချက်ရှိရှိ လူနေအိမ်များရှိရာသို့ လက်နက်ကြီးပစ်ခတ်သောကြောင့် မြို့သစ်ကျေးရွာမှ လူနေအိမ်များမီးလောင်ပျက်စီးသွားပြီး ဒေါ်ခင်ဝင်းခေါ် အမျိုးသမီးတစ်ဦးနှင့် အခြားအမည်မသိသူတစ်ဦး စုစုပေါင်း ၂ဦး လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရရှိထားသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။

“မနေ့ည ၈နာရီလောက်ကနေ လက်နက်ကြီးတွေနဲ့စပစ်တော့တာဘဲ။ လူနေအိမ်က ၅ခုလောက်ပျက်စီးသွားတယ်။ စပါးကျီတစ်ခုနဲ့ဆို ၆ခုပေါ့။ လက်နက်ကြီးက လောင်တဲ့ အိမ်မှာတင် ၃လုံးလောက်ကျတယ်။ အဲ့မှာစလောင်ပြီးမှ တဆင့်တဆင့် ကူးလောင်သွားတာဟုတ်တယ်” ဟု ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်ခဲ့သော ဒေသခံ ၂ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ဗန်မော် စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သူက ဆက်ဆိုသည်။

မြို့သစ် ကုန်းလောကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်တပ်က KIA တို့ရှိရာဘက်တို့ ပြန်လည် တိုက်ခိုက်ခြင်းမရှိဘဲ ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

အဆိုပါကျေးရွာများတွင် အာဏာသိမ်းစစ်တပ်က အင်အားထောင်ချီ ပို့ဆောင်ထားသည်ဟုလည်း သိရသည်။

Show More

Related Articles

Back to top button