တိုက်ပွဲသတင်း

အင်းတော်ကြီး နန့်မွန်းတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန့်မွန်း (Na Mawn) ရှိ အာဏာသိမ်းစစ်တပ်အောက်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကြီးကျည်ကြောင့် လူနေအိမ်တချို့ ပျက်ဆီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ပြည်သူ့စစ်တပ်စခန်းအနောက်ဘက်ရပ်ကွက် လူနေအိမ်တစ်ခုတွင် လက်နက်ကြီး တစ်လုံးကျပေါက်ကွဲသွားသဖြင့် ထိုနေအိမ်အတွင်းမှ အိမ်ရှင် ၂ဦး ကျည်ထိမှန် ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ နန့်မွန်းဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အဲ့မှာတိုက်ပွဲဖြစ်တော့ အပြန်အလှန်လက်နက်ကြီးတွေနဲ့ပစ်ခတ်ကြတယ်။ အနီးမှာရှိတဲ့ လူနေအိမ်မှာသွားကျတယ်တဲ့။ အဲ့အိမ်က အိမ်သား ၂ ယောက်မှာ ကျည်စထိမှန်ထားတယ်လို့ သိရတယ်။ ဘယ်သူ့ဘက်က လက်နက်ကြီးမှန်းတော့ မသိရဘူး” ဟု ပြောဆိုသည်။

မေလ ၂၉ရက်ည သန်ခေါင်ယံ ၁၂နာရီဝန်းကျင်တွင် နန့်မွန် ပြည်သူ့စစ် တပ်စခန်းတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်ကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားသည်ဟု ဒေသခံများ ပြောဆိုချက်မှသိရသည်။

ထိုသို့ ပြည်သူ့စစ်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားနေချိန် နန့်မွန်းနှင့် ဟိုပင်ကြားရှိ ၁၄မိုင်တောင်ထိပ်စစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်လာသည့်အတွက် KIA က ပြန်လည်ဆုတ်ခွာသွားကြောင်း နောက်ထပ် နန့်မွန်းဒေသခံတစ်ဦး၏ ပြောဆိုချက်မှ သိရသည်။

“သူတို့ အပြန်အလှန်တိုက်ပွဲဖြစ်နေတဲ့ချိန် နန့်မွန်း ၁၄မိုင်တောင်ထိပ်မှာရှိတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ စစ်ကူပစ်ခတ်ပေးတယ်။ လက်နက်ကြီးတွေက အဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာက မထိဘဲ ရွာအတွင်းမှာကျလာတယ်။ ရွာအတွင်းထိခိုက်လာနိုင်တဲ့အတွက် KIA က ပြန်ဆုတ်သွားတယ်လို့လည်း ကြားတယ်” ဟု ပြောဆိုသည်။

အဆိုနေရာများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button