စစ်ပြေးဒုက္ခသည်များသတင်း

ပူတာအို စစ်ရှောင်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က စစ်အင်အားဖြင့် ဝင်ရောက်စီးနင်း

ပူတာအိုမြို့ လုံးစွတ် (Lung Sut) စစ်ရှောင်စခန်းတွင် KIA ထောက်လှမ်းရေး ရှိနေသည်ဟု မသင်္ကာမှုဖြင့် အာဏာသိမ်းစစ်တပ်က စစ်ရှောင်များကို လာရောက်ခြိမ်းခြောက်သွားကြောင်း သိရသည်။

ယနေ့ ညနေ ၄ နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ် ကား ၂ စီးဖြင့် အင်အား ၃၀ ခန့်က စခန်းအတွင်းသို့ စစ်လက်နက်အပြည့်အစုံဖြင့် ရှောင်တခင်ဝင်ရောက်လာကာ ယခုလို လာရောက်ခြိမ်းခြောက် ပြောဆိုသွားခြင်းဖြစ်သည်ဟု အမည်မဖာ်လိုသူ စစ်ရှောင်တစ်ဦးက ပြောသည်။

“အခုလေးတင် စစ်သားတွေက ကျနော်တို့ ပူတာအို စစ်ရှောင်စခန်းကို မသင်္ကာလို့ လာတယ်တဲ့ အတင်းအကျပ် လာမေးနေတယ်။ KIA ထောက်လှမ်းရေးရှိနေတယ်ဆိုပြီး လာစွပ်စွဲနေတယ်။ ကျနော်တို့ စစ်ရှောင်တွေက မသိတော့ အရမ်းကြောက်နေကြတယ်။” ဟု ဆိုသည်။

စစ်ရှောင် စခန်းအတွင်းသို့ ဝင်ရောက်လာသော စစ်ကား ၂ စီးအပြင်၊ စခန်းပြင်ပနှင့် အနီးတစ်ဝိုက်တွင်လည်း စစ်ကားအများအပြားဖြင့် ပိတ်ဆို့ကာ လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ နာရီဝက်ကြာ စစ်ဆေးခဲ့ပြီးနောက် ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။

ပူတာအိုမြို့ရှိ အကြီးဆုံး ခလရ ၄၆ တပ်ရင်းဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြီးခဲ့သည့်အပတ်က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သလို၊ ယနေ့ နံနက်တွင်လည်း လေယာဉ်ကွင်းကို ဒုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ပူတာအို- လုံရှာယန် လမ်းတွင်လည်း ယခင်ရက်များက တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ပူတာအို မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားလာချိန် တိုက်ပွဲကြောင့် စစ်ရှောင်နေရသော စစ်ရှောင်ပြည်သူများကို အာဏာသိမ်းစစ်တပ်ဘက်မှ လာရောက်ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button