တိုက်ပွဲသတင်း

ပူတာအိုတွင် စစ်မှုထမ်းဟောင်းများကို တပ်တာဝန်ထမ်းဆောင်ရန် ပြန်လည် ခေါ်ယူနေ

ပူတာအို ခရိုင်တွင် လျှော့နည်းသွားသော စစ်အင်အား ဖြည့်တင်းရန်အတွက် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူနေသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလမှစတင်ကာ ပူတာအိုခရိုင် မချမ့်ဘော့၊ နောင်မွန်နှင့် ခေါင်လန်ဖူးဒေသတို့တွင် စစ်သားဟောင်းများအားလုံး တပ်ထဲပြန်ဝင်ရန် USDP ပါတီက ဦးဆောင်ပြီး လိုက်လံပြောဆိုနေသည်ဟု ပူတာအိုမြို့ခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောဆိုခဲ့သည်။

“ကျနော်သိရသလောက်က ပြည်ခိုင်ဖြိုးအဖွဲ့က ဦးဆောင်ပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ခေါ်နေပြီ။ ပူတာအိုခရိုင်တစ်ခုလုံးမှာခေါ်ခိုင်းနေပြီလို့ကြားတယ်။ ဆွမ်ပရာဘွမ့်ဘက်တော့ မကြားရသေးဘူး။ အခုသူတို့ပြန်ခေါ်တာက ပူတာအိုမှာ တစ်ချို့ကလေးတွေက KIA ဘက်က စစ်သင်တန်းတက်တဲ့သူတွေရှိနေပြီပေါ့လေ။ သူတို့ပြန်လာရင် KIA နဲ့ ပူးပေါင်းပြီး ပြန်တိုက်မှာဖြစ်တယ်။ အဲ့ဒါကိုခုခံကာကွယ်ဖို့ပြောတာဘဲလို့ ကြားရတယ်” ဟုပြောဆိုသည်။

လုပ်သက်ပြည့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူရာတွင် ရှေ့တန်းထွက်ရန် မဟုတ်ဘဲ စစ်တပ်ရင်း ဌာနချုပ်များတွင်သာ လုံခြုံရေးအဖြစ် လက်နက်ကိုင်ရမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ပူတာအိုစစ်သားဟောင်း တစ်ဦးနှင့် နီးစပ်သူ တစ်ဦးက KNG ကို ပြောဆိုခဲ့သည်။

“အရင်က စစ်သားဟောင်းတွေကို အခု ပြန်ခေါ်နေပြီ။ သူတို့ခေါ် ပြီးမလာဘူးဆိုရင် လက်မှတ်ပါ သိမ်းပေးမယ် ကြားရတယ်။ သူတို့မှာ စစ်မှုထမ်းဟောင်း ကွန်ယက်ဆိုပြီး ရှိတယ်။ ဒီအဖွဲ့ကို ပူတာအိုမှာရှိတဲ့ ၄၆တပ်ရင်း ထဲ ခေါ်ပြောတယ်တဲ့။ ကြားရသလောက်က လက်နက်ထုတ်ပေးဖို့နဲ့ စစ်တပ်မှာ လူနည်းလာတဲ့အတွက် တပ်စောင့်ဖို့ထင်တယ်။ ရှေ့တန်းတိုက်ခိုင်းဖို့တော့ မဟုတ်ဘူ” ဟု ပြောပြသည်။

ထို့အပြင် စစ်မှုထမ်းဟောင်းများ၏ မိသားစုဝင်များနှင့် အရွယ်ရောက် သား၊ သမီးများကို လက်နက်ဖြုတ်တပ် သင်တန်းပေးမှုများ ရှိနေသည်ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

ပူတာအိုမြို့နယ်အတွင်းမှာတင် စစ်မှုထမ်းဟောင်း လူဦးရေ ၂၀၀ ခန့်ရှိနိုင်ကြောင်း ဒေသခံများက မှန်ဆပြောဆိုနေသော်လည်း စာရင်းအတိအကျကို KNG က မသိရှိရသေးပါ။

အာဏာသိမ်းစစ်တပ်အတွက် စစ်အင်အားဖြည့်ရန် စစ်သားဟောင်းများကို ပြန်လည်ခေါ်ယူနေသလို တစ်ဖက်တွင်လည်း ပူတာအိုခရိုင်အတွင်း နောင်မွန် ဒေသတွင်လည်း  တစ်အိမ်ထောင်တွင်တစ်ဦး ပြည်သူ့စစ်လုပ်ကာ အာဏာသိမ်းစစ်တပ်အောက်  တာဝန်ထမ်းဆောင်ရမည်ဟု USDP ပါတီဝင်များနှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့တို့က စည်းရုံးနေဆဲဖြစ်သည်။

မေလဆန်းပိုင်းကပင် USDP ပါတီဝင်များနှင့် ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ဦးထုံဖူးဒဂုဏ်တို့က နောင်မွန်မြို့မှ ၈မိုင်ခန့်ဝေးသည့် ဌာနေပြည်သူ့စစ်တည်ရှိရာ ရပ်ပေါ့ကျေးရွာသို့ သွားရောက်ကာ လူငယ်များကို စစ်သင်တန်းပို့ချပေးရန်နှင့် လက်နက်တပ်ဆင်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

“ပြည်သူ့စစ်ထဲဝင်ဖို့ ကြံ့ခိုင်ရေးပါတီတွေက တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်လံပြောဆိုနေတယ်။ တစ်အိမ်ထောင်မှာ တစ်ယောက်က မလုပ်မနေရနဲ့ လက်နက်တစ်ခုရှိရမယ်။ ဖြစ်အောင်လည်း စီစဉ်နေတယ်လို့လိုက်ပြောနေတယ်။ အဓိကတော့ သူတို့က KIA ကိုတိုက်ဖို့ဘဲဖြစ်တယ်။ ပြီးရင် နောင်မွန်မြို့မှာဘဲမဟုတ်ဘူး။ ကျေးရွာတိုင်းလိုလိုက်ပြောနေတယ်” ဟု နောင်မွန်ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အခြားမြို့များနည်းတူ ပူတာအိုမြို့တွင်လည်း လူထုဆန္ဒဖော်ထုတ်မှုများရှိခဲ့သော်လည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့များက လိုက်လံဖမ်းဆီးသဖြင့် လူငယ်အများစုမှာ ပုန်းရှောင်နေရပြီး အချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံ စစ်သင်တန်းတက်ရောက်မှုများရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။

ပူတာအိုမြို့တွင်းအခြစိုက် ခလရ ၄၆ တပ်ရင်းကို မေလ ၂၈ ရက် နံနက်အစောပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ အဖွဲ့က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သလို၊ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းကလည်း ပူတာအိုလေဆိပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

အလားတူ မေလ ၂၉ ရက်နေ့တွင်လည်း ပူတာအို-လုန်ရှာယန် လမ်းမပေါ်တွင် အာဏာသိမ်းစစ်တပ် စစ်ကား ၂ စီးကို KIA က ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button