တိုက်ပွဲသတင်း

လိုင်ဇာမြို့အနီး အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို KIA ကြားဖြတ် တိုက်ခိုက်

KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့အနီး လဂျားယန်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်၏ ရိက္ခာသယ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက်နေ့ ယနေ့နံနက် ၉နာရီခန့်အချိန်တွင် ဒေါ့ဖုန်းယန်အခြေစိုက် ခလရ (၁၄၂) တပ်ရင်းမှ တက်လာသော စစ်ရိက္ခာသယ်ကား ယာဉ်တန်း ၁၆ စီးကို KIA တပ်ဖွဲ့က ယခင်လိုင်ဇာမြို့အဝင် လဂျားယန် (Laja Yang) ကျေးရွာတွင် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကား ၄ စီးပျက်စီးသွားကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။

“စစ်အင်အားတော့မပါဘူး။ အဲ့ကားယာဉ်တန်းကိုလုံခြုံရေးယူလာတဲ့ စစ်သားအနည်းငယ်သာပါတယ်။ ပြီးတော့ စစ်သားတွေနဲ့ပတ်သက်တဲ့ စစ်ရိက္ခာတွေပါတယ်။ အဲ့ဒါကို KIA က အနောက်ဘက်ကနေ ဝင်ပစ်တော့ ကား ၄ စီးထိသွားတယ်လို့ ကြားရတယ်။ အသေးစိတ်တော့မသိရသေးဘူး” ဟု ပြောဆိုသည်။

ဇွန်လ ၇ရက်နေ့ကလည်း မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာဘက်မှ အာဏာသိမ်းစစ်တပ်၏ စစ်အင်အား ၂၀၀ ကျော်ခန့်ပါသည့် စစ်ယာဉ်တန်း ၈ စီးကို ဒေါ့ဖုန်းယာန်မရောက်မှီ လိုင်ဂျော်ကုန်းတွင် KIA တပ်ရင်း ၁၉ ကကြားဖြတ်တိုက်ခဲ့သောကြောင့် စစ်တပ်ဘက်က သေဆုံးသူမသိရသော်လည်း ထိခိုက်သူ အယောက် ၃၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲ ပြန်လည်ပြင်းထန်လာကာ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ အာဏာသိမ်းစစ်တပ် အင်အားတိုးချဲ့သွားလာမှုကို KIA က ပစ်ခတ်တိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button