စစ်ပြေးဒုက္ခသည်များသတင်း

ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကလေးများစာသင်ကြားနိုင်ရန် အကူညီအများအပြားလိုအပ်နေ

အင်ဂျန့်ယန်မြို့နယ် ဘွမ်ရာယန်ကျေးရွာတွင် စစ်ရှောင်နေသော ကလေးများ စာသင်ကြားရာတွင် ထိုင်ခုံ ၊ စာရေးခုံနှင့် နေရာမလုံလောက်သောကြောင့် အခက်အခဲကြုံနေရသည်ဟု စခန်းတာဝန်ခံများထံ မှ သိရသည်။

ယခုအပတ် ဇွန်လ ၁၄ ရက်မှစတင်ပြီး ဆရာ၊ ဆရာမအနည်းငယ်နှင့် စခန်းတွင်စာသင်ကြားနေပြီဖြစ်သော်လည်း  ကလေးပညာရေးအတွက် ကူညီထောက်ပံ့မှု မျိုးစုံ လိုအပ်နေသေးကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မေ ၂၅ ရက်ကနေ နာမည်အကုန်ထည့်ထား ကောက်ထားပြီးပေမဲ့ စာသင်ဆောင်အမြန်မဆောက်နိုင်လို့ ဇွန် ၁၄ မှ စပြီးဖွင့် နိုင်တယ်။ စာသင်ဆောင်ကို မိုးကာနှင့် မိုးထားပေမယ့် မလောက်ဘူး။ အဲ့ထဲမှာ ကလေးတွေအတွက် ထိုင်ခုံမလောက်တော့ တစ်ချို့ကျ ကြမ်းပြင်မှာ ကိုယ့်ဖိနပ်ခံပြီး ထိုင် တစ်ချို့ကျတော့ ၆ ယောက်ပဲဆံ့တဲ့ခုံမှာ ၈ ယောက်လောက် ပူးကပ်ထိုင်ပြီး သင်နေရတယ်။” ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ပညာရေး တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောသည်။

ဘွမ်ရာယန်စစ်ရှောင်စခန်းသည် မြို့ဖြင့်ဝေးသောနေရာဒေသဖြစ်သောကြောင့် စာသင်ကျောင်းဆောင်နှင့် စားပွဲခုံများကို ဝါးဖြင့် ပြုလုပ်ရန်ကြိုးစားသော်လည်း သစ်၊ ဝါး ရှားပါးမှုကြောင့် ချက်ချင်း အပြီးဆောက်လုပ်နိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

လက်ရှိတွင် ဘွမ်ရာယန်စစ်ရှောင်ကလေးများအတွက် ၆ တန်းအထိ ဖွင့်လှစ်ထားတာသော်လည်း ၄ တန်း အထိသာ ထိုင်ခုံရှိသောကြောင့် ကျန်သည့်အတန်းများမှာ မြေကြီးပေါ် ထိုင်ကာ သင်နေရသည်ဟု ဆိုသည်။

ထို့အပြင် စခန်းသို့ စေတနာ့ဝန်ထမ်းဖြင့် လာရောက်သင်ကြားပေးနေသော ဆရာ၊ ဆရာမများအတွက်လည်း အစားအသောက်ကူညီမှုနှင့် နေစရာအဆောင်များ လိုအပ်နေသေးကြောင်း သိရသည်။

ဘွမ်ရာယန်ကျေးရွာသည် ရာသီဥတုကြမ်းတမ်းပြီး သောက်ရေမသန့်ရှင်းမှုကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များတွင် ဖျားနာမှုရှိနေကြောင်း သိရသည်။

“မိုးရာသီဆိုတော့ မြေ အကုန်နီ သူတို့အတွက်ဖိနပ် ဖနပ်တောင် ဒီမြေကြီးနီနီနဲ့အဆင်ပြေနိုင်တဲ့ မိုးစီးဖိနပ်မျိုးပေါ့။ ပြီးရင် မိုးကာ ထီးတွေကအစ အကုန်လိုအပ်နေသေးတယ်။” ဟု ၎င်းက ဆက်လက်ပြောသည်။

ကျောင်းသားစုစုပေါင်း  ၁၆၈ ဦး နှင့် သင်ကြားပေးသော ဆရာ၊ ဆရာမ စုစုပေါင်း ၁၁ ယောက် ရှိကြောင်း သိရသည်။

ဘွမ်ရာယန်စစ်ရှောင်များသည် စစ်တပ်အာဏာသိမ်းပြီးနောက် အင်ဂျန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲပြင်းထန်လာသဖြင့် ထွက်ပြေးခဲ့ရသူများဖြစ်သည်။

Show More

Related Articles

Back to top button