သတင်း

ရပ်နားထားသည့် နောင်မွန်လေဆိပ်ကို ပြန်လည်ဆောက်လုပ်နေဟု ဒေသခံများပြော

NLD အစိုးရလက်ထပ်တွင် ရပ်နားထားခဲ့သော ပူတာအိုခရိုင် နောင်မွန်မြို့ လေယာဉ်ကွင်းကို စစ်ကောင်စီက အာဏာသိမ်းပြီး ၄လ အကြာခန့်တွင် ပြန်လည်ဆောက်လုပ်နေပြီဟု ဒေသခံများ ပြောဆိုချက်မှ သိရသည်။

ကချင်ပြည်နယ်မြောက်ဖျားပိုင်း နောင်မွန်လေယာဉ်ကွင်းကို  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP လက်ထက် ၂၀၁၃ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် NLD အစိုးရတက်လာပြီးနောက် ပြန်လည်ရပ်နားထားခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီက အာဏာသိမ်းပြီး ၄ လအကြာတွင် နောင်မွန်မြို့ လေယာဉ်ကွင်းကို ပြန်လည်ဆောက်လုပ်နေသည်မှာ ၂ပတ်ခန့် ကြာမြင့်လာပြီဟု နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“NLD အစိုးရ ရပ်နားထားတဲ့ လေယာဉ်ကွင်းကို စစ်ကောင်စီက အမြန်ပြီးအောင်ပုံစံနဲ့ ပြန်လုပ်နေတာ ၂ပတ်လောက်ရှိပြီ။ အရင် ပထမအခေါက်သွားကြည့်တုန်းက မဆောက်သေးဘူး။ အခုပြန်သွားတဲ့အခါမှာ စလုပ်နေပြီ။ အဲ့အနီးတဝိုက်မှာရှိတဲ့သူတွေကို မေးကြည့်တော့ ညနေပိုင်း ခိုးလုပ်တယ်လို့ပြောနေကြတယ်။ ပေါ်ပေါ်ထင်ထင်တော့ မလုပ်ဘူးလို့ပြောကြတယ်” ဟု သူကပြောဆိုသည်။

၅ နှစ်ခန့် ရပ်နားထားသော လေယာဉ်ကွင်းကို စစ်ကောင်စီက အလျှင်စလို ပြန်လည်ဆောက်လုပ်နေသည့်အပေါ် ဒေသခံများတွင်လည်း သုံးသပ်ချက်အမျိုးမျိုးရှိနေကြသည်။

“သတင်းကြားထားတာက ကျနော်တို့ရဲ့ ဒေသမှာ စစ်တပ်နဲ့ ပတ်သက်တဲ့သူတွေအများတယ်။ အရင်ကတည်းကလည်း ကျနော်တို့ဒေသကို သူတို့က အဖြူရောက်နယ်ဖြေဆိုပြီးသတ်မှတ်ထားတယ်။ လက်ရှိချိန်ထိ နောင်မွန်ဒေသကို KIA လည်းမရောက်ဘူး။ နောက် PDF ဆိုတာလည်း မရှိသလောက်ဖြစ်တယ်။” အထက်ပါ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ထပ်မံ ပြောဆိုသည်။

ထို့အပြင် အာဏာသိမ်းပြီးနောက် USDP ကိုယ်စားလှယ်တစ်ဦးက လေယာဉ်ကွင်းအနီးတွင် အယောက် ၂၀ ခန့် နေထိုင်နိုင်သော ဟိုတယ်တစ်ခုကို အမြန်ဆောက်လုပ်ပြီးစီးထားကြောင်း သူက ဆက်လက်ပြောဆိုသည်။

နောင်မွန်ဒေသသည် ကချင်ပြည်နယ်မြောက်ပိုင်း ဝေးလံခေါင်ပါးပြီး ဆက်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်နေသေးသည့် ဒေသတစ်ခုဖြစ်သောကြောင့် ရပ်နားထားသည့် လေယာဉ်ကွင်းကို ပြီးစီးအောင် အမြန်ဆောက်လုပ်ပေးရန် ဒေသခံပြည်သူတစ်ချို့ ယခင်က တောင်းဆိုမှုများရှိခဲ့သည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေတွင်အခြေအနေအရ လေယာဉ်ကွင်းထက် ဆက်သွယ်ရေးကောင်းမွန်ပြီး အလွယ်တကူသွားလာဖြတ်သန်းသွားနိုင်သည့် ကားလမ်းမကြီး ပြုလုပ်ပေးရန် အရင်လိုအပ်နေကြောင်း နောက်ထပ် နောင်မွန် ဒေသခံတစ်ဦးက ပြောဆိုထားသည်။

“ကျနော်တို့ ဒေသခံတွေက အောက်ခြေလူတန်းစားတွေများတယ်။ ပုံမှန်လေယာဉ်စီးနိုင်ဖို့က မလွယ်ဘူး။ လူနည်းစုကသာ စီးနိုင်လိမ့်မယ်။ ကားစျေးထက် လေယာဉ်စရိတ်က ပိုပြီးစျေကြီးတယ်။ ဒါကြောင့် လေယာဉ်ကွင်းမလိုအပ်သေးဘူး” ဟု ပြောဆိုသည်။

၂၀၁၉ ခုနှစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နောင်မွန်ခရီးစဉ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လေယာဉ်ကွင်းက အဓိကမဟုတ်ဘဲ ကားလမ်းမကြီးသာ အဓိကအရေးကြီးဆုံး ဖြစ်သည်ဟု နောင်မွန်ဒေသခံ ပြည်သူများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button