သတင်း

ဟိုပင် မီးရထားဝန်ထမ်းများ ကို စစ်ကောင်စီတပ်များက ခြိမ်းခြောက်ကာ အလုပ်စေခိုင်း

ဟိုပင်မြို့  CDM ပြုလုပ်နေသော မီးရထားဝန်ထမ်းများကို အာဏာသိမ်းစစ်တပ်က သေနတ်ဖြင့်ခြိမ်းခြောက်ကာ ပျက်စီးနေသော ရထားလမ်းများ ပြန်လည်ပြုပြင်ခိုင်းစေနေကြောင်း သိရသည်။

ဇွန်လ ၂၀ ရက်နေ့ ရဲနှင့်စစ်သားများက CDM ပြုလုပ်နေသော မီးရထားဝန်ထမ်းများကို ခြိမ်းခြောက်ကာ Non CDM အဖြစ် အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းပြီးနောက် မိုင်းခွဲခံရသဖြင့် ပျက်စီးနေသော မီးရထားလမ်းပိုင်းများကို ပြုပြင်ခိုင်းကြောင်းဒေသခံများ ပြောဆိုချက်မှ သိရသည်။

“မိုင်းခွဲခံရတဲ့နေရာကို မီးရထားအင်ဂျင်နီယာတွေဘဲ လုပ်ရတယ်လေ။ အင်ဂျင်နီယာအာလုံးလည်း CDM လုပ်ထားတာဟုတ်တယ်။ အခုစစ်ကောင်စီဘက်ကနေ မီးရထားတွေပြန်လည် ပြေးဆွဲဖို့ဟုတ်တယ်။ အခုရထားလမ်းတွေပြင်ပြီးတာနဲ့က ထွက်တော့မှာဟုတ်တယ်။ သူတို့ဘက်ကနေ အရမ်းထွက်ခိုင်းစေချင်ပြီ” ဟု နီးစပ်ရာ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

ထိုသို့စစ်ကောင်စီ၏ ဖိအားပေးခြိမ်းခြောက်မှုကြောင့် CDM ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်သွားသဖြင့် နောက်ဆက်တွဲ ပြဿနာများအတွက်လည်း စိုးရိမ်းနေကြကြောင်း သူက ဆက်လက်ပြောဆိုသည်။

“ရထားထွက်ပြီဆိုတာနဲ့ ပြဿနာက တစ်နည်းမဟုတ်ရင်တစ်နည်း ဖြစ်လာမှာသေချာတယ်။ အစတုန်းက CDM လုပ်ကြတယ်။ အခုကစစ်သားတွေက အတင်းလက်မှတ်ထိုးခိုင်းတော့ Non CDM ဖြစ်သွားတဲ့သဘောဖြစ်သွားပြီ။ ဘာကြောင့်လဲဆိုတော့ CDM လုပ်တဲ့အတွက် ပြည်သူတွေရဲ့ထောက်ပံ့မှုတွေကို ရယူထားတာဖြစ်တဲ့အတွက် ပြသာနာဖြစ်လာမှာကို စိုးရိမ်တယ်။ တစ်ချို့ပြည်သူတွေက နားလည်တယ်။ တစ်ချို့က လုံးဝနားမလည်ဘူး။ ပြီးရင်အလုပ်မလုပ်ဘူးဆိုရင် စစ်ကောင်စီဘက်ကနေ ပြန်ဖိခံရမှာဘဲ။ ဖြစ်နေတဲ့ ပုံစံက ကြိုးတုတ်ပြီး ရိုက်သလိုဖြစ်နေတယ်” ဟု ပြောဆိုသည်။

ဟိုပင်မြို့တွင် မီးရထားဝန်ထမ်းစုစုပေါင်း ၁၃ဦးခန့်သာရှိပြီး ထိုသူများမှာ အာဏာရှင်ဆန့်ကျင်ရေးအတွက် CDM တွင်ပါဝင်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ဧပြီလ ၂၇ ရက် ည ၁၁နာရီခန့်အချိန်တွင်လည်း ဟိုပင်မြို့အထွက် မီးရထားလမ်းနှင့် ကားလမ်း ၂ခုစလုံး အသုံးပြုသော တစ်ဝက်ချောင်းတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button