သတင်း

အိမ်သစ်တက်ပွဲ ပြင်ဆင်နေသည့် အိမ်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

ဝိုင်းမော်မြို့ မိုင်းနားကျေးရွာတွင် အိမ်သစ်တက်ရန်ပြင်ဆင်နေသည့် အိမ်သို့ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များ သေနတ်ပစ်ဖောက် ဝန်းရံထားပြီး နေအိမ်ရှိ ပြည်သူ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ အိမ်ကို ယနေ့ နံနက် ၁၀ နာရီတွင် အိမ်သစ်တက်ဆုတောင်းပွဲ ကျင်းပရန်အတွက် ပြင်ဆင်နေချိန် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“တစ်ချို့ပြောတာတော့ ၃၀ ကျော်ပါသွားတယ် ပြောတယ်။ စစ်သားတွေက အဲအိမ်ကို မနေ့ည ၁၁ နာရီလောက်ကတည်းက မီးတွေပိတ်ခိုင်းပြီး ဝိုင်းထားကြတာ။ မနက် လေးနာရီလောက်မှာ သေနတ်ဖောက်ပြီး ဝင်ဖမ်းတာ။ ဖမ်းသွားတဲ့နောက်လည်း အဲအိမ်အနီးတစ်ဝိုက် လမ်းတွေပိတ်ပြီး လုံခြုံရေးချထားတယ်။ အိမ်လည်း‌သော့ခတ်ထားတယ်ကြားတယ်။ ဘယ်သူမှ သွားလာတာမရှိတော့ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ဝင်ရောက်စီးနင်းခံရသော အိမ်သည် မိုင်းနား လဝမ်ရပ်ကွက် (၂)မှ ဖြစ်ပြီး၊ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး၏အိမ်ဖြင့် ခြံချင်းကပ်တွင် တည်ရှိသည်ဟု သိရသည်။

လက်ရှိချိန်ထိ ဖမ်းဆီးသွားသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးပါ။

ဗလမင်းထင် တံတားအနီး မိုင်းနား စုပေါင်းစစ်ဆေးရေးဂိတ်ကို ဇွန်လ ၂၃ ရက်ညက ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်က ယခုလို နီးစပ်ရာ နေအိမ်များကို ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button