လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဘုန်းကြီးကျောင်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး ဘုန်းကြီးနှင့် ဦးဇင်းများ ကြိုးတုတ်ခြိမ်းခြောက်ခံရ

မိုးညှင်းခရိုင် ဟိုပင်မြို့အနီး သဲဂုဏ်ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် တော်လှန်ရေးလုပ်ငန်းများလုပ်ကိုင်နေသည်ဟုဆိုကာ အာဏာသိမ်းစစ်တပ်မှ ဇူလိုင် ၄ ရက်ညက ဝင်ရောက်စီးနင်းခဲ့ပြီး ဘုန်းကြီးနှင့် ဦးဇင်းများကို ကြိုးတုတ်ထားကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၄ ရက် ယမန်နေ့ည ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီ စစ်ကား၁ စီးနှင့် ဆိုင်ကယ် ၁၀ စီးကျော်ဖြင့် အဆိုပါ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

“ဘုန်းကြီးကိုတော့ ရိုက်သွားပုံရတယ်။ မျက်နှာတစ်ခုလုံးနီရဲနေတယ်။ ဒါပေမယ့် ဘုန်းကြီးက စိတ်မကောင်းမှာစိုးလို့ မပြောဘူး။ ကျောင်းမှာရှိတဲ့ ဦးဇင်းတွေကို ကြိုးတုတ်ပြီးမလှုပ်နဲ့ဆိုပြီး မောက်ထားခိုင်းတယ်။ ပြီးရင်သတင်းတွေတင်တယ်ဆိုပြီး လက်တောပ့် တောင်းတယ်။ ဘုန်းကြီးက မရှိတော့ဘူးပျက်သွားပြီလို့ပြောတော့ အတွင်းရှိမှာရှိတဲ့ ဗီရိုတွေကို သေနတ်နဲ့ ပစ်ဖောက်တယ်ခဲ့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် သဲဂုဏ်ကျေးရွာရှိ အများပြည်သူပိုင် စာသင်ကျောင်းနှင့် အခြားအဆောက်အဦးများ မီးရှို့ခံရမှုရှိခဲ့လျှင် တာဝန်ခံရမည်ဟု စစ်တပ်က ဘုန်းကြီးကို ခြိမ်းခြောက်ပြောဆိုသွားသည်ဟု သူက ဆက်ဆိုသည်။

ထိုသို့ ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်တပ်၏ ဝင်ရောက်စီးနင်းခံရမှုကြောင့် ကျောင်းရှိ ကိုရင်ကလေးများကို လာရောက်ခေါ်ယူသည့် မိဘများကိုလည်း ကြိုးတုတ်ကာ ခြိမ်းခြောက်ခဲ့ကြောင်း ထပ်မံ သိရသည်။

သဲဂုဏ်ကျေးရွာတွင် အများစုမှာ တပ်ထောက်ခံသူများဖြစ်ပြီး ဘုန်းကြီးကျောင်း ဝင်ရောက် စီးနင်းခံရမှုမှာလည်း ဒလန်အဖွဲ့၏ သတင်းပေးပို့မှုကြောင့်ဖြစ်သည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button