လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ပူတာအို ဒေသခံများ၏ တူမီးသေနတ်နှင့် ပိုက်ဆံ စစ်ကောင်စီတပ် ဒုတိယအကြိမ် လုယူ

ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာ (Lung Sha Yang)တွင် ဇူလိုင် ၅ ရက်နေ့ အာဏာသိမ်းစစ်တပ်က အထက်အမိန့်ဟုဆိုကာ ကျေးရွာအတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေပြီး တူမီးသေနတ်နှင့် ငွေသားအချို့ကို သိမ်းယူသွားကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ ၅ရက် ယနေ့ ၁၁ ဝန်းကျင်အချိန်တွင် စစ်ကောင်စီ တပ်သား ၃၀ ကျော်က ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးခဲ့မှုနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ လုံရှာယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောသည်။

“ကျမတို့အိမ်မှာလည်း ဝင်စစ်သွားတယ်။ အိမ်ခန်းအထိ တစ်အိမ်လုံးမွေစစ်တယ်။ ဘုရားကျောင်းသွားတဲ့အခါလွယ်တဲ့ အိတ်က ငွေ ၃ ထောင်ဘဲထဲ့ထားတာယူသွားတယ်။ အိမ်နီးနားချင်း မိသားစုတွေက တူမီး သေနတ် ၂ လက်ပါသွားတယ်တဲ့။ အခုထိစစ်နေတုန်းဘဲ။ တစ်ရွာလုံး ဝင်စစ်နေတယ်ဆိုတော့ ကျန်တဲ့ ရပ်ကွက်တွေမှာ ဘာတွေ ယူပေးသွားမှန်း မသိသေးဘူး” ဟု ပြောဆိုသည်။

ထို့အပြင် လုံရှာယာန်ကျေးရွာ စျေးဆိုင် ၂ ဆိုင်အတွင်းမှ ငွေကျပ် ၃ သောင်းစီ နှိုက်ယူသွားကြောင်း သူကဆက်ဆိုသည်။

ယခုလ ၂ရက်နေ့ကလည်း လုံရှာယာန်အုပ်စု တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ်က လုံခြုံရေးခေါင်းစဉ်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ ဒေသခံများ၏ တူမီးသေနတ် ၅ လက်ခန့် နှင့် စျေးဆိုင်တစ်ဆိုင်မှ ငွေသား ၅ သောင်းခန့် သိမ်းယူသွားကြောင်း သိရသည်။

ပူတာအို-ဆွမ်ပရာဘွမ် လမ်းမပေါ် လုံရှာယန်ကျေးရွာအနီးတွင် ပြီးခဲ့သော ဇွန်လ က အာဏာသိမ်းစစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော်  KIA တို့ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button