Covid-19 Reportingသတင်း

Covid-19 ကူးစက်ရောဂါ ပြင်းထန်လာသဖြင့် KIO နယ်မြေ အဝင်ဂိတ်များ ပိတ်

မြန်မာနိုင်ငံအတွင်း နေရာအနှံတွင် Covid-19 တတိယလှိုင်း ပိုမိုပြင်းထန်လာသဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ၎င်း၏ နယ်မြေသို့ ဝင်ရောက်ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၅ရက်မှ စတင်ကာ KIO ထိန်းချုပ်ရာနယ်မြေသို့ ဝင်ရောက်သည့်ဂိတ်များဖြစ်သော မိုင်ဆပ်ပါဂိတ်၊ နားရူဂိတ်၊ ရှားမူကောင်ဂိတ်နဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မိုင်ဂျာယန် ဂိတ်များအားလုံးကို ပိတ်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၄ ရက်နေ့က KIO ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ကော်မတီက ထုတ်ပြန်ထားသည်။

“အချိန်တစ်ခုအထိတော့ မြန်မာပြည်က လူရော၊ ကုန်တွေရော ဝင်ထွက်ခွင့် ပိတ်ထားမှာဖြစ်တဲ့အတွက် စားသောက်ကုန်တွေက တရုတ်ပြည်ကဘဲ ဝင်မယ့်ချိန်ကျတော့ ပြည်သူတွေအတွက် ခက်ခဲတော့ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အရမ်းခက်ခဲသွားလောက်အောင်တော့ ကျနော်တို့ လုပ်မှာမဟုတ်ပါဘူး။ ဒီရောဂါနည်းနည်းသက်သာလာပြီဆိုတာနဲ့ လမ်းကြောင်း ပြန်ဖွင့်ပေးသွားမှာဖြစ်ပါတယ်” ဟု KIO ဗဟိုဌာနချုပ် Covid-19 ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ် က ပြောသည်။

ယင်းကဲ့သို့ ခရီးသည်အဝင်အထွက်၊ ကုန်အဝင်အထွက် ပိတ်ပင်လိုက်ရခြင်းသည် KIO ထိန်းချုပ်နယ်မြေတွင် ကိုဗစ်ကူးစက်ပြန့်ပွားမူ မရှိစေရန်ကြိုတင်ကာကွယ်သည့်အနေဖြင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က KIO နယ်မြေသို့ ဝင်ရောက်မည်ဆိုပါက Quarantine ဝင်ရန်မလိုသည့်အပြင် ရောဂါစစ်ဆေးပြီး ပိုးမတွေ့ပါက ချက်ချင်း ဝင်ရောက်ခွင့်ရခဲ့သော်လည်း ကိုဗစ် တတိယလှိုင်း ပိုမိုပြင်းထန်လာသည့်အတွက် ဇွန်လ ၁၄ ရက်နေ့မှစကာ လူတိုင်း ကွာရန်တင်းရက် (၁၄) ရက် ဝင်ရောက်ရန် ထုတ်ပြန်ခဲ့သည်။ သို့သော် ယနေ့ ဇူလိုင်လ ၅ရက်နေ့မှစကာ KIO ထိန်းချုပ်ရာနယ်မြေသို့ ခရီးသည်နှင့် ကုန်အဝင်အထွက် ကို ရက်အကန့်အသတ်မရှိ ထုတ်ပြန်ခဲ့သည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း မြို့ကြီးများတွင် ကိုဗစ်-၁၉ ကူးစက်သူ ဦးရေ များလာပြီး အများစုမှာ မိမိနေအိမ်တွင် ကိုယ်ပိုင်အစီစဉ်ဖြင့် ကုသနေကြောင်း သိရသည်။

Show More

Related Articles

Back to top button