လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လယ်တောမှ နွားလှည်းဖြင့် ပြန်လာသော ပြည်သူတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

ဟိုပင်မြို့နယ် ရွာသစ်ကြီးကျေးရွာတွင် လယ်တောမှ နွားလှည်းဖြင့် ပြန်လာသော အမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဇူလိုင်လ ၆ ရက်နေ့ ယမန်နေ့ည ၈နာရီ ဝန်းကျင်ခန့် အာဏာသိမ်းစစ်သား အယောက် ၂၀ ကျော်သည် ရွာသားဖြစ်သော ဦးသန်းဝေ ကို သွားရောက်ဖမ်းဆီးခေါ်ဆောင်လာသော လမ်းခရီးတွင် နွားလှည်းဖြင့် ပြန်လာသော ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

“ရွာထဲမှာလက်နက်လုပ်တယ်ဆိုပြီး ဦးလေးတစ်ယောက်ရဲ့ အိမ်ကိုလာဝိုင်းပြီး စစ်တယ်။ နောက် ဦးလေးကိုလည်း ဖမ်းသွားတယ်။ အဲ့အချိန်မှာ လယ်တောကနေ နွားလှည်းမောင်းပြီး ရွာသား ၃ ယောက်ပြန်လာတယ်။ စစ်သားတွေက သူတို့ ၃ယောက်ကို ရပ်ခိုင်းတာ ထင်တယ်။ နှစ်ယောက်က ဆင်းပြီးရပ်ပေးတယ်လို့ သိရတယ်။ လူအုပ်ကြီးနဲ့ဆိုတော့ နွားက ထိန်းမရတော့ သွားလိုက်တာကို စစ်သားတွေက နောက်ကနေ ၄ချက် လိုက်ပစ်တယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

နွားလှည်းပေါ်တွင် ပစ်သတ်ခံရသော အမျိုးသားမှာ အသက် ၃၀ အရွယ် ကိုဘဂျမ်း ဆိုသူဖြစ်ပြီး သူ၏ နောက်ကျောတွင် သေနတ်ထိမှန် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

ကျေးရွာတွင် လက်နက်လုပ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခံရသော ဦးသန်းဝေ ကို ယမန်နေ့ညတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြန်လည်လွှတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ဦးဘဂျမ်းကို ပစ်သတ်မှုနှင့် ဦးသန်းဝေကို ဖမ်းဆီးသွားသော အာဏာသိမ်းစစ်တပ်မှာ ဟိုပင်မြို့နယ် ရွာသစ်ကျေးရွာအခြေစိုက် စကခ ၃ အောက် ခမရ ၃၈၉ တပ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button