တိုက်ပွဲသတင်း

ရွှေကူ၊ မြို့လှ တိုက်ပွဲတွင် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု များပြား

ယနေ့ ရွှေကူမြို့နယ် မြို့လှရွာ အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ပူပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့ရာတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ ၄၀ ဦး ထက်မနည်း ထိခိုက်သေဆုံးကြောင်း ဒေသခံများ ပြောဆိုနေကြသည်။

ထိုသို့ ထိခိုက်သေဆုံးသူများကို သယ်ယူရန် ရွှေကူမြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့များကို စစ်ကောင်စီက ယနေ့ညနေ ၆ နာရီတွင် လိုက်လံပြောဆိုနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ရွှေကူမှာတပ်ထိုင်ထားတဲ့ စစ်သားတွေက စစ်ကားတွေနဲ့ လာပြီး လူမှုကူညီရေးအသင်းတွေကို မဖြစ်မနေသွားဖို့ လိုက်လံ ပြောဆို နေတယ်လို့သိရတယ်။ ကျနော်နဲ့ သိတဲ့ အဖွဲ့က ကား ၃ စီးအပါလာခေါ်သွားတယ်။ အလောင်းတွေကို သယ်ထုတ်ဖို့ ခေါ်သွားတဲ့ ကားတွေဆို ခန့်မှန်ခြေအရဆို ၁၀စီးလောက်ရှိမယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ဘက်က ကျဆုံးထားတာ ၄၀ လောက်ရှိတယ်တဲ့။ တိုက်ပွဲက ဆက်ဖြစ်သေးတာဖြစ်တဲ့အတွက် အတိအကျလည်း မသိရသေးဘူး” ဟု ပြောဆိုသည်။

ယနေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်ခန့် KIA ရှိရာ မြို့လှ ဘက်သို့ ဝင်ရောက်လာသော အာဏာသိမ်းစစ်တပ် အင်အား ၁၆၀ ကျော်ကို KIA မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်။

ထိုသို့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့သောကြောင့် ယနေ့ ညနေ ပိုင်းတွင် KIA နှင့် PDF ရှိရာ မြို့လှမြို့ တစ်လုံးရွာဘက်သို့ စစ်ကောင်စီက ဂျက်လေယာဉ် ၂ စီး ဖြင့် ၂ ကြိမ် သွားရောက်ပစ်ခတ်ခဲ့သည်။

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများသလို လေကြောင်း တိုက်ခိုက်မှုကြောင့် KIA နှင့် PDF ဘက်ကလည်း ၆ ဦးခန့် ထိခိုက်သေဆုံးထားကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရပါသည်။

တိုက်ပွဲ ဖြစ်ပွားသော နေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ အောက် တပ်ရင်း ၅ နယ်မြေဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button