လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဒေါ့ဖုန်းယန်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး ထိခိုက်၊ နွား ၄ ကောင် သေဆုံး

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ လူနေထူထပ်သော ရပ်ကွက်အတွင်းသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးကျည်ထိမှန်ဒဏ်ရာရှိပြီး နွား ၄ ကောင်ခန့် သေဆုံးသွားကြောင်းသိရသည်။

ဇူလိုင် ၁၁ရက် ည ၉နာရီအချိန်တွင် ဒေါ့ဖုန်းယန်အခြေစိုက် ခလရ ၁၄၂ စစ်တပ်ကုန်းမှ လက်နက်ကြီးများ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ရာတွင်  အမှတ် ၃ လူနေရပ်ကွက်တွင် လက်နက်ကြီး တစ်လုံးကျရောက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက ယခုလို ပြောပြသည်။

“စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခဲ့တယ်။ ဘာကြောင့်ပစ်မှန်းကို မသိဘူး။ ၁၀ ကြိမ်ထက်မကဘူး။ သူတို့က တစ်ဖက်တည်း ပစ်တာလည်းမဟုတ်ဘူး။ လူနေတဲ့ ရပ်ကွက်ဘက်ကို ထောင်ပြီးပစ်တယ်။ အဲ့ကြောင့် ရပ်ကွက် ၃ က ဦးလေးတစ်ယောက်မှာ ကျည်ထိမှန်ထားတယ်။ ပြီးရင် သူရဲ့ နွားတင်းကုတ်မှာလည်း ကျတယ်” ဟု ပြောဆိုသည်။

နွားတင်းကုပ်ရှိ နွား ၄ ကောင် လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားသည်ဟုလည်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရသည့် ညတွင် ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာရှိ စစ်ကောင်စီအောက် ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်တိုက်ခိုက်ခဲ့သည်။ ထို ဖြစ်စဉ်အပြီး ဆက်တိုက် မိုးမောက် ဒေါ့ဖုန်းယန်မြို့တွင်လည်း စစ်တပ်က လူထုရှိရာ ရပ်ကွက်သို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သူက သုံးသပ်ပြောဆိုထားသည်။

“အောင်မြေ (၁) မှာ KIA က သွားတိုက်ခိုက်နေတဲ့ အချိန်မှာဘဲ ကျနော်တို့မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ KIA က ဝင်တိုက်ခိုက်တာကို မကျေနပ်လို့ ပြန်တုန့်ပြန်တဲ့အနေနဲ့ ပြန်တိုက်ခိုက်တယ်လို့ဘဲမြင်တယ်” ဟု ဆိုသည်။

ကျည်ထိမှန်ထားသည့် အမျိုးသားမှာ အသက် ၅၀ ဝန်းကျင် ဦးခင်မောင်ညွန့် ဆိုသူဖြစ်ပြီး လက်မောင်းတစ်ဖက်တွင် ထိခိုက်ဒဏ်ရာ ရရှိထားသည်။

မိုးမောက်မြို့နယ် အလော့ဘွမ်တောင်ခြေဖြစ်သော မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် ဒေါ့ဖုန်းယန်မြို့များတွင် လက်ရှိ အာဏာသိမ်းစစ်တပ််နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြင်းထန်သော တိုက်ပွဲ မဖြစ်ပွားဘဲ လက်နက်ကြီးများဖြင့်သာ ပစ်ခတ်နေကြကြောင်း သိရသည်။

Show More

Related Articles

Back to top button