လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကျေးရွာ များတွင် KIA ဝင်ရောက်လာပါက လက်နက်ကြီးဖြင့် ပစ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကာမိုင်း-ဖားကန့် လမ်းမပေါ်ရှိ မည်သည့်ကျေးရွာဖြစ်စေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဝင်ရောက်လာပါက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဟု အာဏာသိမ်းစစ်တပ်က ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့် လမ်းပေါ် ကပ်မှော်အုပ်စု ခွမ်ဆိုင်ဇွပ်၊ ဂေါ့လိုယန်၊ တံတားညီနောင်နှင့် ပျားအုံး စသောကျေးရွာ အနီးတဝိုက်တွင် ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ အာဏာသိမ်းစစ်တပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့များကို ပြောဆိုခဲ့ကြောင်း ၎င်းတို့နှင့် နီစပ်သူများထံမှ သိရသည်။

“ကျေးရွာကို မီးရှို့မယ်လို့တော့ မပြောဘူးတဲ့။ ဒါပေမယ့် အနီးတဝိုက် KIA ရှိနေတဲ့ ကျေးရွာကိုတော့ သူတို့ လက်နက်ကြီးပစ်မယ်လို့တော့ ပြောတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း မပစ်ပေးဖို့ တောင်းဆိုပုံရတယ်။ ဒါကိုစစ်တပ်က ပစ်မယ်လို့ဘဲ ပြောနေတာတဲ့။ နန့်ယားကျေးရွား စစ်တပ်ကုန်းကနေ အခုတိုက်ပွဲဖြစ်တဲ့ ကျေးရွာဘက်ကို လက်နက်ကြီးတွေပုံမှန် ပစ်ထည့်နေတာဘဲ” ဟု ပြောဆိုသည်။

ယနေ့ ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်ခန့်ကလည်း နန့်ယားကျေးရွာအခြေစိုက် စစ်တပ်စခန်းမှ ခွမ်ဆိုင်ဇွပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။

ခွမ်ဆိုင်ဇွပ် အပါအဝင် ကျေးရွာ ၄ခုတွင် ဇူလိုင်လ ၁၄ရက်မှ ၁၅ရက်နေ့အထိ တိုက်ပွဲအလွန်ပြင်းထန်လာပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၆ ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။

ထိုသို့ ၂ဖက်တပ် စစ်ရေးတင်းမားနေသည့်အတွက် ကျေးရွာ ၄ ခုမှ ဒေသခံ ၂၀၀ ကျော်သည် ဆိုင်းဖရာကျေးရွာ ဘုရားကျောင်းတွင် စစ်ရှောင်အဖြစ် တိမ်းရှောင်နေရဆဲဖြစ်သည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါဘုရားကျောင်းဝင်းမှ စစ်ရှောင်အချို့  နေရပ်ပြန်သွားသော်လည်း  ညနေပိုင်း ၆ နာရီခန့်အချိန်တွင် အာဏာသိမ်းစစ်တပ်ဘက်က ထိုးစစ်ပြန်လည်ဆင်လာသည်ဟု သတင်းကြားရသည့်အတွက် မူလနေရာသို့ ပြန်လည်ထွက်ပြေးလာခဲ့ကြကြောင်း ခွမ်ဆိုင်ဇွပ် ဒေသခံ အမျိုးသမီးတစ်ဦးထံမှ သိရသည်။

“မနေ့က ကျမတို့အားလုံးက ပြန်လို့ရပြီထင်ပြီး အားလုံးနီးပါးပြန်သွားကြတာဟုတ်တယ်။ ညနေပိုင်းမှာ အားလုံးက ပြန်ထွက်ပြေးခဲ့ရတယ်။ တိုက်ပွဲတော့မဖြစ်လိုက်ဘူး။ နန့်ယားဘက်က စစ်သားတွေအများကြီး ပြန်တက်လာတယ် သတင်းရလို့ အားလုံးပြန်ထွက်ပြေးသွားကြတယ်” ဟု ပြောဆိုသည်။

အဆိုပါ စစ်ရှောင်များ၏ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်များက တပ်စွဲထားကြောင်း သိရသည်။

Show More

Related Articles

Back to top button