Covid-19 Reportingသတင်း

ရှဒူးဇွပ်ကျေးရွာတွင် ၂ရက်အတွင်း Covid-19 အတည်ပြု လူနာ ၄၇ ဦးရှိ

တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ် (Jahtu Zup) ကျေးရွာတွင် ၂ ရက်အတွင်း Covid-19 ပိုးတွေ့ အတည်ပြုလူနာ  ၄၇ ဦး အထိရှိလာပြီဟု သိရသည်။

ဇူလိုင်လ ၁၉ရက်နေ့ ၃၅ ဦးကို စစ်ဆေးခဲ့ရာ ၁၅ဦးပိုးတွေ့ခဲ့ပြီး၊ ဇူလိုင် ၂၀ရက်နေ့ ၅၅ဦးကို ထပ်မံ စစ်ဆေးခဲ့ရာ ၂၉ ဦးပိုးတွေ့ပြီး၊ ယနေ့ နံနက်ပိုင်းက ၃ ဦး ထပ်တွေ့သောကြောင့် လက်ရှိ ရှဒူးဇွပ်ကျေးရွာတွင် ပိုးတွေ့ အတည်ပြုလူနာ ၄၇ ဦး အထိရှိနေကြောင်း အုပ်ချုပ်ရေးအဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ကျနော်တို့ စစ်ဆေးတာက ၂ရက်ဘဲရှိသေးတယ်။ စစ်ဆေးမှု ၂ရက်မှာ ၄၀ကျော်တွေ့တယ်။ တစ်ချို့က လာမစစ်ကြသေးဘူး။ ဒါက လက္ခဏာပြပြီး လာစစ်တဲ့သူတွေပေါ့။ တစ်ချို့ဆို မိသားစုအလိုက် ဖြစ်ကြတာ” ဟု ပြောဆိုသည်။

ရှဒူးဇွပ်ကျေးရွာတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကူညီစောင့်ရှောက်ပေးသည့် ကျန်းမာရေးဝန်ထမ်းများမရှိသည့်အတွက် ကုသရေးပိုင်းတွင်အခက်အခဲရှိနေပြီး ကိုဗစ်ကူးစက်ခံထားရသူများကို ရှဒူးဇွပ် အ.ထ.က ကျောင်းတွင် နေရာချထားကြောင်း သူကဆက်ဆိုသည်။

လက်ရှိ ရှဒူးဇွပ် ကျေးရွာတွင် ကိုဗစ်ကူးစက်မှု အများဆုံး ဖြစ်ပွားနေသည့်နေရာမှာ စျေး၊ စားသောက်ဆိုင်၊ ရွှေဆိုင် နှင့် လမ်းမကြီးပေါ်ရှိ လူနေအိမ် တို့တွင် ဖြစ်သည်။

ရှဒူးဇွပ်ကျေးရွာမှာ ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုဝင်ဖြစ်ပြီး ရွှေမှော်ဒေသဖြစ်သောကြောင့် လူမျိုးပေါင်းစု ရွေ့ပြောင်းလုပ်သားများ ဝင်ထွက်နေသော နေရာဒေသတစ်ခု ဖြစ်သည်။

Show More

Related Articles

Back to top button