Covid-19 Reportingသတင်း

ရွှေကူ ဆေးရုံကြီးတွင် အောက်စီဂျင် ထားနိုင်ရေး လူမှုကူညီရေးအဖွဲ့များ ကြိုးပမ်းနေ

ရွှေကူမြို့  ပြည်သူ့ဆေးရုံကြီးတွင် Covid-19 လူနာများအတွက် ကျပ်သိန်း ၈၀၀ တန်ဖိုးရှိ အောက်စီဂျင်စက်ရုံထားရှိရန် လူမှုကူညီရေးအဖွဲ့များက ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။

ဆေးရုံကြီးတွင် ထားရှိမည့် အောက်စီဂျင်စက်ကို တရုတ်နိုင်ငံမှ ဝယ်ယူမည်ဖြစ်ပြီး တစ်နာရီလျှင် အောက်စီဂျင် ၃၀ လီတာ ၆လုံး ထုတ်နိုင်သောစက်ဖြစ်ကြောင်း အောက်စီဂျင်ရရှိရန် လုပ်ဆောင်နေသည့် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာန ကို ပြောဆိုခဲ့သည်။

“အောက်စီဂျင်စက်ထားဖို့ အစီအစဉ်ဆွဲနေတုန်းဖြစ်တယ်။ တရုတ်ပြည်မှာ တိုက်ရိုက်လှမ်းဝယ်ဖို့ ဒီကနေ့ဘဲ စာချုပ် လုပ်နေတယ်။ အလှူငွေတွေလည်း ဆက်လက်ကောက်ခံနေဆဲဖြစ်တယ်။ အောက်စီဂျင်စက်ကို စက်ရုံကနေ ဒီကိုရောက်လာဖို့အတွက် ၁၅ ရက် စောင့်ရအုံးမယ်။ ကိုဗစ်လူနာတွေကို အောက်စီဂျင် လုံလောက်မှုရရှိအောင် အမြန်ဆုံးလုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ပြောဆိုသည်။

ရွှေကူမြို့တွင် အောက်စီဂျင်စက်ရရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ရွှေကူ ရပ်မိရပ်ဖများက အောက်စီဂျင်စက်ရရှိရေး ကော်မတီဖွဲ့ကာ ဒေသခံအလှူရှင်၊ ရန်ကုန်၊ မန္တလေးနှင့် မြို့နယ်အသီးသီးမှ အလှူရှင်များ၏ ပါဝင်မှုဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ရွှေကူမြို့တွင် ဇူလိုင် ၂၂ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ ၃၇၀ကျော်ရှိလာပြီး အောက်စီဂျင် မလုံလောက်မှုကြောင့် သေဆုံးသွားသည့် ကိုဗစ်လူနာ ၃ဦးအထိရှိကြောင်း ကိုဗစ်ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“အမှန်တိုင်းပြောရရင် ကျနော်တို့ ရွှေကူက အခြေနေဆိုးတယ်လို့ ပြောလို့ရပါတယ်။ ကူးစက်ထားတဲ့လူနာတွေနဲ့ ပြန်လည်ကူးစက်ခံထားရတဲ့ လူနာတွေလည်းအများကြီးရှိပါတယ်။ လာရောက်ပြသတဲ့ လူဦးရေစာရင်းလောက်ပဲ သိရတယ်။” ဟု ပြောဆိုသည်။

ကချင်ပြည်နယ်တွင်လည်း ရောဂါကူးစက်မှုအများအပြားဖြစ်နေပြီး အများစုမှာ နေအိမ်တွင် မိမိအစီစဉ်ဖြင့်ကုသနေကြောင်း သိရသည်။

Show More

Related Articles

Back to top button