သတင်း

ခေါင်လန်ဖူး တရုတ်နယ်စပ် ကျေးရွာတွင် ကိုဗစ်လက္ခာဖြင့် သေဆုံးသူများရှိနေ

ခေါင်လန်ဖူးမြိုနယ် တရုတ်နယ်စပ်ကျေးရွာဖြစ်သော လန်းဒဂျောင်ဒေသတွင် ယခင်ကမဖြစ်ဖူးသော ကိုယ်ပူ၊ လေချောင်းနာ၊ ဖျားနာ စသော ကိုဗစ်လက္ခာများဖြင့် ယခုလအတွင်း သေဆုံးသူ ၄ ဦးရှိလာသဖြင့် ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နှင့် မိုင် ၄၀ ကျော်ဝေးသော တရုတ်နယ်စပ် လန်းဒဂျောင်ဒေသတွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေနှင့်ပတ်သက်ပြီး ထိုဒေသနှင့် ပုံမှန်အဆက်အသွယ်ရှိနေသူတစ်ဦးက KNG ကို ယခုလိုပြောပြသည်။

“ခုဖြစ်တာက ခေါင်လန်ဖူးကနေ အရမ်းဝေးတယ်။ ခြေကျင်နဲ့ ၂ ည အိပ် ၃ ရက်ခရီးသွားမှ ရောက်တယ်။ အရင်နှစ်တွေမှာ ဒီလိုမဖြစ်ဘူး။ ဒီနှစ်က ပုံမှန်ထက် သေဆုံးမှုများလာတယ်။ ခေါင်လန်ဖူးဆိုတာ နာမည်သာ မြို့ လို့ခေါ်ပေမယ့် ဘာမှမရှိဘူး။ နောင်မွန်နှင့်ရော အလှမ်းဝေး၊ ပူတာအိုနှင့်ရော ဝေးတော့ ဆေးဝါးလည်း မရှိဘူး။ ဆေးကုသပေးမဲ့ ဆရာမတွေလည်း မရှိဘူး။ ကိုဗစ်စစ်ဆေး ကိရိယာလည်း ဘာတစ်ခုမှမရှိတော့ လေချောင်းနာတာနဲ့ သေဆိုတော့ ဒေသခံတွေက အရင်နှစ်တွေနှင့်မတူတော့လို့ ကိုဗစ်များရောက်နေပြီလားဆိုပြီး သံသယ စိတ်ဖြစ်ပြီး စိုးရိမ်နေကြတယ်။”ဟု ၎င်းဒေသနှင့်ချိတ်ဆက်ရသူ ခေါင်လန်ဖူးဒေသခံ တစ်ဦးကပြောသည်။

ခေါင်လန်ဖူး ဒေသသို့ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းအထိ ပူတာအို၊ နောင်မွန် မြို့နယ်ဘက်မှ အဝင်အထွက်ရှိခဲ့သော်လည်း နောင်မွန်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာရှိလာသည့်အချိန်ကစပြီး မဂွေဇဂိတ်တွင် အဝင်အထွက်ပိတ်ထားလိုက်ကြောင်းသိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခေါင်လန်ဖူးဒေသတွင် ကျန်းမာရေးအတွက် ကုသမှုများ၊ ဆေးစစ်ဆေးမှုများမရှိတော့ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။

“လက်ရှိအခက်အခဲက ဆေးဝါး ဆေးကုသပေးမဲ့ ဆရာ၊ ဆရာမတွေမရှိတာနှင့် စားနပ်ရိက္ခာ ရှားပါးလာတယ်။ တရုတ်ပြည် လမ်းပိတ်ထားတာကြာတော့ ဆန်၊ ဆီ၊ ဆားတွေ ပျက်နေတယ်။ ဆန်၊ ဆီ၊ ဆား တွေကို ပူတာအိုဘက် ကားလမ်းပေါက်တဲ့ ထာလားလော် အထိ ခြေကျင်လျှောက်သွား ထမ်းယူပြီး ဝယ်ရတယ်။ နယ်စပ်ဘက် နေတဲ့သူတွေက ခြေကျင်နဲ့ အသွားအပြန် ၁ ပတ် ၂ ပတ်ခန့် သွားထမ်းဝယ်ရတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်၊ ကိုဗစ် ဖြစ်ပြီးနောက် အဲ့ခေါင်လန်ဖူး နယ်စပ်ဘက်က ပြည်သူတွေ အဖက်ဖက်က တော်တော် ဒုက္ခရောက်နေကြရတယ်။” ဟု ၎င်းဒေသနှင့် ချိတ်ဆက်ရသူ တစ်ဦးက KNG ကိုပြောသည်။

လက်ရှိ လူသေဆုံးမှုဖြစ်နေသော လန်းဒဂျောင်ဒေသတွင် ဆက်သွယ်ရေးလိုင်းများမရရှိတာကြောင့် ဖုန်းဆက်လိုလျှင် တစ်ရက်အချိန်ပေးကာ တောင်ပေါ်သို့တက်ပြီး ချိတ်ဆက်ရကြောင်း သိရသည်။

Show More

Related Articles

Back to top button