Covid-19 Reportingသတင်း

လိုင်ဇာရှိ ပြည်သူများကို ကိုဗစ်-၁၉ ပိုးရှိ မရှိ စစ်ဆေးသွားမည်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာနယ်မြေဖြစ်သည့် လိုင်ဇာမြို့ရှိ ပြည်သူများကို ကိုဗစ်-၁၉ ပိုးရှိ မရှိ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း လိုင်ဇာမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့‌အရေးပေါကော်မတီမှ သိရသည်။

“ကျနော်တို့ လိုင်ဇာတစ်မြို့လုံးမှာရှိတဲ့ပြည်သူတွေကို ပိုးရှိမရှိ စစ်ဆေးပေးသွားမယ်။ အတတ်နိုင်ဆုံး မြန်နိုင်သလောက် အမြန်ဆုံးလုပ်ဆောင်သွားမှာပါ” ဟု KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့  ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့‌ အရေးပေါ်ကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောသည်။

KIO ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ဂျေယန်စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးတွင် ဇူလိုင်လ ၂၆ရက်နေ့ည ပိုးတွေ့ရှိခဲ့ပြီးနောက် ယခုလို လိုင်ဇာမြို့ရှိ ပြည်သူများကို ပိုးရှိမရှိ စစ်ဆေးရန် KIO က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Covid-19 စစ်ဆေးမှုကို တရုတ်နိုင်ငံမှလာရောက်ကူညီဖြစ်ပြီး အနည်းဆုံး စစ်ဆေးမူ ၄ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

” ကြာတာတော့ မကြာနိုင်ဘူး။ တရုတ်ဘက်ကလည်း ကူညီပေးသွားမယ်လို့ သိရတယ်။ အနည်းဆုံးတော့ ၄၊ ၅ခါလောက်တော့ စစ်ဆေးပေးသွားမယ်။ ပြီးတော့အခြေနေကြည့်ပြီး ဖြေလျော့မူတွေလည်း ‌ဖြည်းဖြည်းချင်းလုပ်ဆောင်သွားမယ်” ဟု လိုင်ဇာမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့‌ အရေးပေါ်ကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ်က ဆက်ပြောခဲ့သည်။

ယခုလို လူအများကို ကိုဗစ်-၁၉ ပိုးရှိ မရှိ စစ်ဆေးသွားမည်ဖြစ်သောကြောင့် လိုင်ဇာမြို့ရှိ ရပ်ကွက်ကျေးရွာများကို Lock Down ချထားမည်ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်နေ့တွင် ကြေညာထားသည်။

ထို့ပြင် ကုန်စုံဆိုင်၊ကုန်မာဆိုင်၊စားသောက်ဆိုင်များအား နံနက် ၉နာရီထိသာ ရောင်းချခွင့်ပြုထားကြောင်းလည်း သိရသည်။

“‌ကုန်စိမ်းဈေးမှအပ ကျန်တဲ့ဈေးဆိုင်တွေကိုတော့ မနက်ပိုင်း ၉နာရီအထိတော့ ဖွင့်လို့ရတယ်လို့ပြောတယ်။ အဲကြောင့် ကျမတို့ဆိုင်လည်း ခုနကတည်းက ပိတ်လိုက်ပြီ” ဟု ဈေးသည်တစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ တတိယလှိုင်းပြင်းထန်နေသည်နှင့်အမျှ ကချင်လွှတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာနယ်မြေဖြစ်သည့် မိုင်ဂျာယန်မြို့တွင်လည်း ပိုးကူးစက်မှုနှုန်း သိသိသာသာ များပြားလာခဲ့သည်။ ဌာနချုပ် လိုင်ဇာမြို့တွင်မူ ပိုးကူးစက်မှု ၁ ဦး ရှိနေပြီ ဖြစ်သည်။

Show More

Related Articles

Back to top button