တိုက်ပွဲသတင်း

ဖားကန့် ရဲတပ်ရင်းစခန်း တစ်ခု မီးရှို့ ဖျက်ဆီးခံရ

ဖားကန့် ဆိုင်းတောင်အုပ်စု ကောင်ဆန်ကျေးရွာအနီးရှိ စစ်ကောင်စီအောက် ရဲစခန်းဟောင်းတစ်ခု ယမန်နေ့ညက မီးရှို့ ဖျက်ဆီး ခံလိုက်ရကြောင်း သိရသည်။

စစ်ကောင်စီမှ ဖားကန့်မြို့နယ်တွင် အင်တာနက်လိုင်းများဖြတ်တောက်ထားချိန် စနေနေ့ည ၉ နာရီခန့်က ကောင်ဆန်သွားလမ်း ဘွမ်နန်ကျေးရွာရှိ တိုက်ခိုက်ရေး အထူးရဲတပ်ဖွဲ့များ အခြေစိုက်နေထိုင်ခဲ့သည့် တပ်ရင်း နေရာ မီးလောင်သွားသည်ဟု ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောသည်။

“အရင်တုန်းက စစ်တပ်လက်အောက်မှာရှိတဲ့ လုံခြုံရေး ရဲတွေနေခဲ့တဲ့နေရာဖြစ်တယ်။ အခုအဲ့မှာ ဘယ်မှ မရှိကြတော့ဘူး။ ပြီးရင် အခုမီးရှို့လိုက်တဲ့နေရာက အရင်တုန်းက ကျောက်စိမ်းကုမ္ပဏီဝင်းလည်းဖြစ်တယ်။ အဲ့နေရာမှာ ရဲတွေက ပြန်နေတာပေါ့။ ရဲတွေလည်း တစ်ခြားနေရာကို ပြန်ပြောင်းသွားကြပြီး။ တဲတွေဘဲကျန်တော့တယ်။ အဲ့ဒါကို KIA က မနေ့ည မီးရှို့ရှင်းလင်းလိုက် တယ်လို့ပြောတယ်” ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

အမည်မဖော်လိုသော ရှေ့တန်းသတင်းပေးချက်များအရ အဆိုပါရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက် မီးရှိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော် KIA က မီးရှို့လိုက်သည်ဟူသော သတင်းကို အတည်ပြုလို့ မရသေးကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ယခုလို ပြောသည်။

“တပ်သတင်းကတော့ မရသေးဘူး။ တကယ်ဖြစ်တယ်ဆိုရင်တော့ ကျနော်တို့ ကြားမှာပါ။ အခုတော့ တပ်သတင်းမရသေးတဲ့အတွက် အတည်ပြုလို့ မရသေးပါဘူး။” ဟု ပြောသည်။

ထိုနေရာတွင် ယခင်က ရဲတပ် အင်အား ၂၀ နှင့် ၃၀ ကြား ပုံမှန်နေထိုင်လျက်ရှိခဲ့ပြီး ၎င်းတို့သည် လွန်ခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့  ဆိုင်းတောင်ကျေးရွာ ရပ်ကွက် (၁)ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုသို့ သွားရောက် ပူးပေါင်းလိုက်ကြကြောင်း ဒေသခံအချို့ ပြောဆိုချက်မှ သိရသည်။

အဆိုပါရဲတပ်ရင်းစခန်းမှာ ကုမ္ပဏီဝင်းတစ်ခုတွင် တည်ထားခြင်းဖြစ်ပြီး ၎င်းအထဲမှ တဲ အချို့  မီးရှို့ ဖျက်ဆီးခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

သို့သော် လက်ရှိ စစ်ကောင်စီသည် ဖားကန့်မြို့နယ်တွင် အင်တာနက်လှိုင်းများ ဖြတ်တောက်ထားသောကြောင့် ရုပ်ပုံများကို တင်ဆက်နိုင်ရန် အခက်အခဲ ရှိနေပါသည်။

Show More

Related Articles

Back to top button