Covid-19 Reportingသတင်း

နမ္မတီး လမ်ဘရော့ယန် (လမ်းခွ) စစ်ရှောင်အမျိုးသမီး ၆ ဦးတွင် Covid-19 ပိုးတွေ့ရှိ

မိုးကောင်းမြို့နယ် နမ္မတီးမြို့  လမ်ဘရော့ယန် (လမ်းခွ) ကျေးရွာရှိ ကဆုန့်စစ်ရှောင်စခန်းတွင် ပထမဆုံးအကြိမ် အမျိုးသမီး ၆ဦးတွင် Covid-19 ရောဂါကူးစက်ခံထားရကြောင်း သိရသည်။

ဩဂုတ်လ ၂၃ ရက် ယနေ့တွင် စစ်ရှောင်စခန်းမှ သံသယလူနာ ၂၅ဦးကို စစ်ဆေးခဲ့ရာ ၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ကဆုန့်စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုခဲ့သည်။

“အရင်အပတ်က ၄ ယောက်ကိုစစ်တယ်။ ဒါပေမယ့် မတွေ့ခဲ့ဘူး။ ဒီကနေ့ကတော့ နာစည်းချောင်းဆိုးဖြစ်တဲ့သူတွေကို စုပြီး စစ်လိုက်တယ်။ ၆ ယောက်မှာ ပိုးတွေ့ကြောင်းပြတယ်ပေါ့။ အားလုံးက အမျိုးသမီးတွေဘဲ” ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သော ဇူလိုင်လ နမ္မတီး မြို့ပေါ်ရပ်ကွက်များတွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်ခဲ့ပြီးနောက် စစ်ရှောင်စခန်းများကို အဝင်အထွက်ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ စစ်ရှောင်စခန်းမှ ကိုဗစ်ပိုးတွေ့ လူနာ ၆ ဦးကို နမ္မတီးမြို့ ကိုဗစ်ကုသရေးနေရာတွင် ဆေးကုသမှုခံယူစေပြီး ၎င်းတို့နှင့် ထိတွေ့သူများကိုလည်း အသွားအလာကန့်သတ်ထားကြောင်း ဆက်လက်သိရသည်။

အဆိုပါ လမ်ဘရော့ယန် ကဆုန့်စစ်ရှောင်စခန်းတွင် စစ်ရှောင်အိမ်ထောင်စု ၁၁၀ ခန့်နှင့် လူဦးရေ ၅၀၀ ကျော်ရှိနေပြီး ကိုဗစ်ကာလ အသွားအလာကန့်သတ်ထားသည့်အတွက် စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရကြောင်း စစ်ရှောင်များ၏ ပြောဆိုချက်မှသိရသည်။

အဆိုပါစစ်ရှောင်ပြည်သူများသည် ပြီးခဲ့သော ၂၀၁၈ ခုနှစ် ဧပြီလတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ နယ်မြေသို့ အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ထွက်ပြေးလာသူများဖြစ်ကြပါသည်။

Show More

Related Articles

Back to top button