တိုက်ပွဲသတင်း

ဟူးကောင်းဒေသ စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများပြား

တနိုင်း ဟူးဟောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေသို့ ဝင်ရောက်လာသော အာဏာသိမ်းစစ်တပ်ကို KIA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၁ နေ့ KIA တပ်ရင်း ၁၄ နယ်မြေသို့ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီအင်အား ၅၀ ခန့်ကို နန်ခမ့်ကျေးရွာအနီး ဒုန်ခွန်ကျေးရွာတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း နန့်ခမ်ကျေးရွာ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲဖြစ်တာမှန်ပါတယ်။ ဗမာစစ်သား (စစ်ကောင်စီ)တွေ တက်လာတာကို KIA က ဝင်တိုက်တာ ဟုတ်တယ်။ ဒီတပတ်အတွင်းမှာ တိုက်ပွဲဖြစ်တာ ၂ကြိမ်လောက်ရှိပြီ။ စနေနေ့ ဖြစ်တာက ပထမအကြိမ်ပေါ့။ အဲ့ဒီနေ့ ဗမာစစ်တပ်ဘက်ကတော့ ထိခိုက်မှုများတယ်လို့ ကြားရတယ်။ တိုက်ပွဲမှာ သေဆုံးသွားတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူများကို တနိုင်းဘက်ကို သယ်ကြတယ်တဲ့” ဟု ပြောဆိုသည်။

ထို့အပြင် ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်ကလည်း နမ့်ခမ်ဘက်သို့ စစ်ကောင်စီ အင်အား ၅၀ ခန့်ဖြင့် ထပ်မံ တိုးချဲ့ဝင်ရောက်လာသောကြောင့် ဒုတိယအကြိမ် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပထမရက်မှာ ထိုးစစ်လာတဲ့ ဗမာစစ်သားဘက်က ထိခိုက်သေဆုံးမှုများတဲ့အတွက် စစ်အင်အား ၅၀ လောက်ပြန်တိုးပြီး ပြန်တက်လာတယ်။ မနေ့က ပြန်ဖြစ်ကြတယ်။ ဒါပေမယ့် အချိန်ထိတော့ KIA က ထိတယ်လို့တော့ မကြားမိသေးဘူး။ ဘာကြောင့်ဆိုတော့ KIA က လမ်းမှာစောင့်ကြိုပစ်တဲ့သဘောဆိုတော့လေ” ဟု နမ့်ခမ်ဒေသခံ တစ်ဦးက KNG ကို ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၄ရက်နေ့တွင်မူ တိုက်ပွဲ ဖြစ်ပွားသံများမကြားရသော်လည်း နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာမှုရှိနေပြီး အာဏာသိမ်းစစ်တပ်ဘက်မှ စစ်အင်အား ၁၀၀ ကျော်ခန့် တိုးချဲ့ထားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ ကြိမ်အနက် ဩဂုတ် ၂၁ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၂ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရှေ့တန်း KIA သတင်းများထံမှ သိရသည်။

ပြီးခဲ့သော ဧပြီလ ၁၅ရက်နေ့ကလည်း လက်ရှိတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဖြင့်တစ်ဆက်တည်းရှိသော နမ့်ဗျူကျေးရွာနှင့် အင်ဂါးဂါး စသော နေရာများတွင် စစ်ကောင်စီနှင့် KIA တို့ကြား ၁ ပတ်ခန့်အကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ရွှေနှင့် ပယင်းအဓိကထွက်သော ဟူးကောင်းဒေသ နမ့်ဗျူ၊ နမ့်ခမ် စသောဒေသများတွင် စစ်ကောင်စီက ၂၀၁၇ ခုနှစ်ကစတင်ပြီး ဂျက်လေယာဉ်များအသုံးပြုကာ KIA ကို တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံအများစုမှာ တနိုင်းမြို့သို့ စစ်ရှောင်အဖြစ် ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button